ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမှာ ပြည်သူများ၏လုံခြုံမှုကို ဦးစားပေးသည့် အခြေအနေမျိုးဖြစ်သင့် ဟု လွှတ်တော်ကိုယ်စားလှယ်များပြော

0
157

ဧပြီ ၃
ညိုမှိုင်း

ရခိုင်ပြည်နယ်အတွင်းမှ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်ငါးမြို့နယ်အတွင်း၌ ဒေသတည်ငြိမ်မှုမရှိဟုဆိုကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မနေ့ညနေပိုင်းက စတင်ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ပြဿနာများကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြရသည့် အချိန်ဖြစ်ကာ ယခုကဲ့သို့ အဆိုပါအမိန့်အားထုတ်ပြန်လိုက်ခြင်းမှာ ဒေသခံပြည်သူများအတွက် အကျိုးမရှိနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများရှိနေသည်။

“ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်းကနေ နှစ်လသုံးလအတွင်းမှာ ပြည်သူတွေက ကြောက်ရွံ့စိုးရိမ်ပြီးတော့ နေ့လည်နေ့ခင်းမှာတောင် အပြင်ကိုထွက်သွာတာတွေ၊ ဝေးဝေးလံလံသွားလာတာတွေမရှိတော့ဘူး။ ညနေပိုင်းဆို ၄ နာရီလောက်ကနေ အပြင်ကိုထွက်သွားတာမတွေ့ရတော့ဘူး။ ဥပဒေတစ်ခုထုတ်တယ်ဆိုတာကတော့ ပြည်သူတွေရဲ့လုံခြုံမှုကို ဦးစားပေးတဲ့အခြေအနေမျိုးကို ဖြစ်စေချင်ပါတယ်။”ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောသည်။

မြို့နယ်ငါးမြို့နယ်အတွင်း မနေ့ကထုတ်ပြန်လိုက်သည့် အဆိုပါအမိန့်၏သက်တမ်းမှာ နှစ်လထိဖြစ်ပြီး ပြဿနာဖြစ်ပွားနေသည့်ဒေသနှင့် မြို့ပေါ်သာမက မြို့နယ်တခုလုံးကိုအကျုံးဝင်ကြောင်း သိရသည်။

ပစ်ခတ်မှုများဖြစ်ပွားနေသည့်အတွက်ကြောင့် ဒေသခံများမှာ အချိန်မတော်ထွက်ပြေးနေကြရမှုများရှိနေပြီး ညအချိန်တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက ဒေသခံများအား ပိုမိုအခက်အခဲဖြစ်စေမည်ဖြစ်ကြောင်း ဦးဦးထွန်းဝင်း ကပြောသည်။

“ကျွန်တော်တို့ အရင်အတွေ့အကြုံတွေအရဆိုရင် ပစ်ခတ်မှုတွေဟာ ညပိုင်းတွေမှာဖြစ်တာများပါတယ်။ ညဥ့်အချိန်တွေမှာ တိုက်ခိုက်တာတွေ၊ အမြောက်တွေနဲ့ပစ်ခတ်တာတွေဖြစ်တာရှိတယ်။ အဲ့လိုအခြေအနေမျိုးတွေဖြစ်လာလို့ရှိရင် ၁၄၄ ကြောင့် အထဲမှာပဲ ဒီလိုနေကြရမှာလား။ ဒါတွေကိုတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ ချောင်းထဲထည့်သွင်းစဉ်းစား ခဲ့သင့်တယ်။”လို့ ဦးဦးထွန်းဝင်းကဆိုသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည့်မြို့နယ်ငါးမြို့နယ်တွင် မင်းပြားမြို့မှာ ပြဿနာတစ်စုံတစ်ရဖြစ်ပွားနေခြင်းမရှိဘဲ မြောက်ဦးမြို့နယ်နှင့်ကပ်ရက်တည်ရှိနေသည့် ပန်းမြောင်းတိုက်နယ်အတွင်း ပြီးခဲ့သည့်လက ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ မင်းပြားမြို့ကို ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းမှာ ပြဿနာထဲသို့ဆွဲထည့်လိုက်ခြင်းနှင့်တူနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအေင်ကပြောသည်။

Leave a Reply