အင်းလေးတွင် ပထမဆုံးကြိမ် ရေပေါ် သင်္ကြန်ပွဲတော် ကျင်းပမည်

0
204

ဧပြီ ၅
ဝေဝေဖြိုး

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု Miss Inlay Organization ၏ စီစဉ်မှုဖြင့် ပထမဆုံးကြိမ် အင်းလေးရေပေါ် သင်္ကြန်ပွဲတော် ၂၀၁၉ ကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် ဒေသခံတိုင်းရင်းသား များရင်းနှီးမှုပိုမိုတိုးလာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲတော်ကို သိန်းပေါင်း ၄၅၀၀ အကုန်အကျခံ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Miss Inlay Organization ၏ အထွေထွေမန်နေဂျာ ကိုစိုင်းစိုးထွန်းအောင်ကပြောသည်။

“ပရိသတ်တွေက လှေတွေပေါ်ကနေကြည့်ရမှာပါ ။စတိတ်ကို ရေပေါ် အဆောက်အဦး ပေ ၃၀၀ ပေါ်မှာဆောက်ထားတယ်။ ပြည်နယ်အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ဒါက ပထမဆုံးကြိမ် ကျင်းပတဲ့ ပွဲဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အင်းလေးဒေသသို့ သင်္ကြန်ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၂သိန်းကျော် နှစ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသခံများ အပါအဝင် လူဦးရေ ၇ သိန်းကျော် ဝင်ရောက်ရန် ခန့်မှန်ထားသည်ဟုဆိုသည်။

အင်းလေးရေပေါ် သင်္ကြန်ပွဲတော်ကိုဧပြီလ ၁၃ ရက်မှ ၁၇ ရက် အထိ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ၊ နန်းပန်ဈေး အနီးရှိ Inle Cultural Heritage Trust Complex ရှေ့ အင်းလေးကန်ရေပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေး ကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေစင် ပက်ဖြန်းကြမည့် ပျော်ရွှင်ကြည်နူးဖွယ်ရာ ရေပေါ်သင်္ကြန်ပွဲ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ရေပေါ် တေးဂီတဖျော်ဖြေပွဲ၊ မြန်မာ့ရိုးရာအတာသင်္ကြန် ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ အစီအစဉ်များ၊ အင်းလေးဒေသ ကိုယ်စားပြု Mister & Miss Innlay 2019 ရွေးချယ်ပွဲ၊ သံဃာအပါး (၁၀၀၀) ကြွရောက် ချီးမြှင့်အလှူခံမည့် နှစ်ဦးရေပေါ် ဆွမ်းလောင်းပွဲ ၊ နှစ်ဦးရေပေါ် ဓမ္မသဘင်စသည့် အစီအစဉ်များကို မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် မြန်မာ့နှစ်သစ်ကူ မဟာင်္ကြန်ပွဲတော်ကာလအတွင်း အင်းလေးဒေသ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ၂၀၁၉ သို့ ပျော်ရွှင်စွာ ပါဝင် ဆင်နွဲနိုင်ပါရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကအသိပေးဖိတ်ကြားသည်။

Leave a Reply