ဈေးကွက်တွင်း စပါးဝင်ရောက်မှုကို ကြည့်၍ ပြည်ပနိုင်ငံများက ဈေးနှိမ်ဝယ်ယူမှုများရှိနေဟုဆို

0
29

ဧပြီ ၈
ဝေဝေဖြိုး

ဈေးကွက်တွင်း စပါးဝင်ရောက်မှုနှင့် ဈေးကွက်အနေအထားကို ကြည့်၍ ပြည်ပနိုင်ငံများက ဈေးနှိမ် ဝယ်ယူမှုများရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။

” နိုင်ငံခြားဝယ်လက်တွေ အားလုံးကလဲ မြန်မာပြည်ရဲ့ ဆန် ပြည်တွင်းဈေးကို ကြည့်ပြီးတော့ ဈေးနှိမ်ဖို့ ဆိုတဲ့ အပိုင်းတွေ ပါလာတယ်။ ကမ္ဘာ့ဈေးမှာ ဒီလောက်မကျဘူး။ တင်ပို့မှုကျတယ်။ တရုတ်က မ၀ယ်ဘူး၊ ပြည်တွင်းမှာ လက်ကျန်ဆန်တွေ များနေတယ်။ ၀ယ်သူမရှိဘူးဆိုတဲ့ သတင်းတွေက ကိုယ်ဈေးကို သတ်သလို ဖြစ်နေတယ်။ ၀ယ်ယူသူတွေရဲ့ နှိမ့်ချပြီး ၀ယ်ယူတာတွေ ကြုံတွေ့နေရတယ်။ ဒါကတော့ အားလုံးသတိထားစရာပါ” ဟု၎င်းကပြောသည်။

ိယခုနှစ်တွင်အီးယူဘက်မှ ဆန်လုံးရှည်ကို အခွန်ပြန်ကောက်ခဲ့သည့်အပြင် တရုတ်နယ်စပ် ဆန်ဝယ်ယူမှု နည်းပါးခြင်းတို့ကြောင့် ဆန်တင်ပို့မှု လျှော့ကျကာ ပြည်တွင်း၌ လက်ကျန်များလာခြင်း ၊ နွေစပါးပေါ်ချိန်တွင် ၀ယ်လိုအားနည်းကာ အရောင်းအ၀ယ်အေးနေခြင်းနှင့် ဈေးနှုန်းကျဆင်းနေခြင်း စသည့်အချက်များပေါ်မှုတည်ပြီး ပြည်ပနိုင်ငံများက နိုင်ငံတကာပေါက်ဈေးထက် ဈေးနှိမ်ဝယ်ယူမှုများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ပ၀ယ်လက်များအနေဖြင့် မြန်မာ့ဆန်ကို နိုင်ငံတကာပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ လေးဆယ်မှ ခုနှစ်ဆယ်ဝန်းကျင်ထိ ဈေးနှိမ်ဝယ်ယူနေပြီး အထူးသဖြင့် အာဖရိက နှင့် အီးယူနိုင်ငံများသို့ တင်ပို့ရာတွင် ဈေးနှိမ်ခံနေရသည်ဟုဆိုသည်။

“၀ယ်သူမရှိဘူးဆိုရင် ဈေးကွက်အတွင်းမှာ ဈေးနှုန်းက ကျသင့်သထက် ပိုကျသွားမယ်။ ဒီအပေါ်မှာ နိုင်ငံခြားဝယ်လက်တွေကလဲ နှိမ်သထက် နှိမ်ပြီးဝယ်တာလေ။ အဲတော့ဈေးကွက်က ကမောက်ကမကို ဖြစ်နေတာ အခုတင်ပို့နေတဲ့ ဗီယက်နမ် ဆန်ဈေး၊ ထိုင်းဆန်ဈေးတွေထက်စာရင် ကျွန်တော်တို့ဆန်က အများကြီးဈေးနည်းနေတာ”ဟု ဦးအောင်သန်းဦးကပြောသည်။

လက်ရှိတွင် ပြည်တွင်းဆန်စပါး ဈေးနှုန်းမှာလည်း ကျသင့်သည်ထက် ပိုမိုကျဆင်းနေပြီး ယင်းအခြေနေများ ကို ဖြေရှင်းနိုင်ရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း ၀ယ်လက်ပျောက်နေသည့် ရက် ၉၀ ဆန်ကို မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်းက ၎င်းတို့၏ စုဆောင်းရန်ပုံငွေဖြင့် ယခုလ ၈ ရက်နေ့မှ စတင်၍ ၀ယ်ယူပေးသွားမည်ဖြစ်သည်။

စပါးပေါ်ချိန်သည် ကာလတိုသာဖြစ်ပြီး ဇွန်လဆန်းခန့် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ရာ စပါးဈေး ယခုထက် ပိုကျရန် မရှိကြောင်း ကုန်သည်များကဆိုသည်။

မြန်မာပြည်၏ ဆန်တင်ပို့မှုတွင် တရုတ်ဈေးကွက်သည် ၄၆ ရာခိုင်နှုန်းခန့်ဖြင့် ဈေးကွက် အကြီးဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ ၀ယ်လိုအား ကျပါက ဈေးကွက်အပေါ် ရိုက်ခတ်မှုများသည် ဟုဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၃ ဒသမ ၆၈ သန်းအထိ ပြည်ပသို့ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး၂၀၁၈-၂၀၁၉ဘဏ္ဍာ နှစ်တွင် ဆန်တန်ချိန် ၂သန်းကျော်သာ တင်ပို့နိုင်ခဲ့သည်။

Leave a Reply