တောင်ကြီးသင်္ကြန်ကာလအတွင်း ရဲလုံခြုံရေး ၁၃၀ ကျော် အသုံးပြုမည်

0
74

ဧပြီ ၆
ယဉ်ကေနွယ်

တောင်ကြီးမြို့တွင် သင်္ကြန်ကာလအတွင်းရဲလုံခြုံရေးအတွက်အင်အား ၁၃၀ ကျော်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

”အခုကတည်းကပြည်သူတွေကို သင်္ကြန်အတွင်းလိုက်နာရမဲ့အချက်တွေကိုဖြန့်ဝေတာတွေရှိပါတယ်။ဒီနေ့လည်းယာဉ်ထိန်းတပ်ဖွဲ့အင်အားနဲ့ပူးပေါင်းပြီးတော့အသိပညာပေးတွေလုပ်ဆောင်နေပါတယ်။အများပြည်သူသွားလာတဲ့ ဗိုလ်ချုပ်ပန်းခြံ ကလေးကစားကွင်း ထင်းရူးတောနဲ့ ရေကစားမဏ္ဍပ်တွေမှာ လှည့်ကင်းတွေနဲ့အရာရှိအဆင့်ရော အခြားအဆင့်ရောအပါအဝင် ၁၃၂ ဦးနဲ့လုံခြုံရေးဆောင်ရွက်သွားပါမယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်နိုင်ကပြောသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း တုတ် ဓား လက်နက်များကိုင်ဆောင်မှုမရှိစေရေးအတွက်ပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီးကာမစိတ်ကြွဆေးပြားများရောင်းဝယ်ဖောက်ကားမှုမရှိစေရေးအတွက် ဆေးဆိုင်များတွင်သက်ဆိုင်ရာကျန်းမာရေးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့်စည်ပင်သာယာရေးကော်မတီတို့ဖြင့်ပူးပေါင်းကာ စစ်ဆေးအရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲမှူးမောင်မောင်နိုင်ကပြောသည်။

ထို့အတူ သင်္ကြန်ကာလအတွင်းလမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်အသုံးပြု၍ စည်းကမ်းပျက်မော်တော်ယာဉ်များ ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမှတ် ၁၈ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံးမှရဲမှူးမျိုးဇော်အောင်ကပြောသည်။

” သင်္ကြန်မရောက်ခင်ကာလအတွင်း စည်းကမ်းပျက်မော်တော်ယာဉ်တွေ အဓိကကတော့ ပါဝါအိတ်ဇော တပ်ပြီးမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကိုဖမ်းဆီးထိန်းသိမ်းထားပြီး သင်္ကြန်ကာလပြီးမှ တရားစွဲဆိုပြီးမှသာပြန်လည် ထုတ်ပေးမှာဖြစ်ပါတယ်” ဟု ရဲမှူးမျိုးဇော်အောင်ကပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် မဏ္ဍပ်တစ်ခုတွင်အရာရှိ ၂ ဦးနှင့် အခြားအဆင့် ၄ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ် တောင်ကြီးသင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖျောက်ဖျက်မှုကြောင့် ယာဉ်တိုက်မှု ၆ မှုဖြစ်ပွားခဲ့ရာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၈ ခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု ၃၅၀ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၆၉၀ ဦး သေဆုံးသူ ၁၃၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုတွင် မန္တလေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်အများဆုံးဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယခုနှစ်တောင်ကြီးသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် ပါဝင်မည်မဟုတ်ပဲ မြို့တော်မဏ္ဍပ် ရွှေနေကြာမဏ္ဍပ် ဇွဲထက်စိန်ရွှေရတနာဆိုင်မဏ္ဍပ် ဌာနဆိုင်ရာ မဏ္ဍပ်များ ကုမ္ပဏီ မဏ္ဍပ်များ နှင့်လူမှုရေးအသင်းအဖွဲ့များမှ စတုဒီသာမဏ္ဍပ်များ စုစုပေါင်းမဏ္ဍပ် ၂၀ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Leave a Reply