မူဆယ်- မန္တလေးခရီးသည်တင်ယာဉ်ပေါ်မှ ဘိန်းဖြူများဖမ်းမိ

0
195

မန္တလေး ၊ ဇန်နဝါရီ ၁၄၊ ၂၀၁၈

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် ၅ နာရီကျော်အချိန်က မူဆယ်မှ မန္တလေးသို့မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းခရီးသည်တင်ကားအား (၁၆) မိုင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ ဘိန်းဖြူများကို ကားဝမ်းဗိုက်အတွင်းမှ တွေ့ရှိခဲ့ပြီး ပိုင်ရှင်များကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည် ။

ခုံနံပါတ် (၃၁) တွင် လိုက်ပါလာသည့် ခရီးသည် အောင်ကိုကို (၃၀)နှစ် သယ်ဆောင်လာသော ပီနံအိတ်အတွင်း ကြွပ်ကြွပ်အိတ် အမည်းဖြင့်ပတ်ထားသည့် ဒေသပေါက်ဈေး ၉၈သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ (၁၂၃) ဂရမ်အားလည်းကောင်း ၊ ခုံနံပါတ် (၂၆)တွင် လိုက်ပါသည့် ခရီးသည် သီဟဇော် (၂၁)နှစ် သယ်ဆောင်လာသော ခရီးဆောင်လက်စွဲအိပ်အတွင်း ကြွပ်ကြွပ်အိတ်အမည်းဖြင့် ပတ်ထားသည့် ဒေသပေါက်ဈေး ၅၂ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ (၈၄) ဂရမ်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အောင်ကိုကို နှင့် သီဟဇော်တို့ကို အုန်းချောရဲစခန်းတွင် မူး/စိတ် ပုဒ်မ ၁၅/၁၉(က)တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply