ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

0
212
 
မန္တလေး၊ ဇန်နဝါရီ ၁၄၊ ၂၀၁၈
 
မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊ တပ်ကြီးကျေးရွာ ၊ ရွှေပေါ်ထွန်းဘုရားအနီး ကားလမ်းဘေးတစ်နေရာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီကျော် အချိန်က ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
 
ယင်းသေဆုံးသူ၏ ခန္ဓာကိုယ်တွင် ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၃)ချက် ၊ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ နံစောင်းထိုးသွင်းဒဏ်ရာ (၁)ချက် နှင့် မျက်နှာ စုတ်ပြဲများတွေ့ရှိရပြီး အနီးတွင် ဆိုင်ကယ် (၁)စီးနှင့် ကားဘမ်ဘာ အကွဲတစ်ခု တွေ့ရှိကြောင်း သိရသည်။
 
သေဆုံးသူ၏ ပိုက်ဆံအိတ်အတွင်းမှ တွေ့သည့်ဖုန်းနံပါတ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆက်သွယ်စုံစမ်းရာ သေဆုံးသူမှာ စစ်ကိုင်းမြို့နယ် သုံးထောင်ရွာနေ ဦးအောင်လှိုင်းဝင်း (၃၉)နှစ် ဖြစ်ပြီး စစ်ကိုင်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၏ တပည့်ဖြစ်ကြောင်း သိရသည်။
 
“ဒဏ်ရာအနေအထားကိုကြည့်ရင် လူသတ်ခံရတယ်ဆိုတာ သိသာပါတယ် ။ ဆိုင်ကယ်ကလည်းကျန်ထားတဲ့အတွက် ပစ္စည်းလိုချင်လို့ သတ်တာမဖြစ်နိုင်ဘူး ။ သေဆုံးသူက စစ်ကိုင်းက ဖြစ်တဲ့အတွက် အမှုနဲ့ပတ်သက်ပြီးတော့ တရားခံဖမ်းဆီးရမိဖို့ရာ စစ်ကိုင်းက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
 
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ အမရပူရမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည် ။
 
နိုင်လင်းဦး
 
Leave a Reply