ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ရန် ဖော်ပြလိုက်ပါတယ်။

0
230
 
အရင်ဆုံး တင်ပြချင်တဲ့ သတင်းကတော့ ငလျင်လှုပ်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၂ ရက် မြန်မာစံတော်ချိန် ည ၁၂ နာရီ ၅၆ မိနစ်မှာ ဖြူးမြို့ရဲ့ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်တစ်ခု စတင်လှုပ်ခတ်ခဲ့ပါတယ်။ အင်အားရစ်ချက် (ခ်)တာစကေး (၆.၀) အဆင့်ရှိတဲ့ အဲ့ဒိငလျင်ရဲ့ နောက်မှာ ငလျင်အသေးစားလေးတွေ ဆက်တိုက် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ဒါဟာ သဘာဘေးအန္တရာယ်အမြင်နဲ့ ကြည့်မယ်ဆိုရင် ကောင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ အင်အားကြီးမားတဲ့ ပြတ်ရွှေ့ကြောင်းကြီးတစ်ခု မဖြစ်ပေါ်လာခင်မှာ ရှေ့ပြေးလှုပ်ခတ်တဲ့ အနေအထားမျိုးတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံငလျင် ကော်မတီအနေနဲ့လည်း အဆိုပါ ငလျင်တွေအတွက် ပြည်သူလူထုကို ကြိုတင်ပြီး သတိပေးစကားတွေ ပြောကြားထားခဲ့ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အင်အား ရစ်ချက်(ခ်)တာစကေး (၇) အထက်ပြင်းထန်တဲ့ ငလျင်မျိုးကြီးတွေ လှုပ်ခတ်လာမယ်ဆိုရင်တော့ ရန်ကုန်မြို့လို နေရာက ပြည်သူတွေအတွက် အထူးအန္တရာယ်ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ စံချိန် စံညွှန်းမီ အရည်အသွေးမီ ဆောက်လုပ်ထားခြင်းမရှိတဲ့ ကန်ထရိုက်တိုက်အမြင့်တွေရဲ့ အထက်မှာ မြို့နေပြည်သူတွေဟာ ကျောတစ်ခင်းစာအတွက် ဖြစ်သလို ဖြစ်သန်းနေရပြီး ငလျင်ဒဏ်နဲ့ကြုံလာရင် အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်။ သက်ဆိုင်ရာ ကော်မတီတွေအနေနဲ့ အများပြည်သူတွေကို ငလျင်အတွက် သတိပေးချက်တွေ ထုတ်ပြန်ပေးနေပေမယ့်လည်း ငလျင်ဆိုတာ မုန်တိုင်းလိုမျိုး ဘယ်အချိန် ဘယ်နေ့ ၀င်တိုက်မယ်ဆိုတာ မသိနိုင်တဲ့အတွက် အန္တရာယ်ကို ကြိုမမြင်နိုင်ပါဘူး။ဒါကြောင့် ငလျင်ကြီးတွေ မလာခင် ပြည်သူတွေအနေနဲ့ တစ်ကိုယ်ရေ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားသင့်ပါတယ်လို့ အသိပေးလိုက်ပါရစေ။
 
အခုတစ်ခါတော့ လာဘ်မစားဘူးလို့ အများစုကြွေးကြော်နေတဲ့ အစိုးရလက်ထက်မှာ လာဘ်စားမှုနဲ့ အခြားတိုင်ကြားစာတွေကြောင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနဲ့ ကိုယ်စားလှယ် ၃၀ ဦးကို စစ်ဆေးနေတဲ့ သတင်းလေးကို တင်ပြပါရစေ။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ ရှိတဲ့ အစိုးရ အဖွဲ့ဝန်ကြီးများနဲ့ ကိုယ်စားလှယ် ၃၀ ဦးကို လာဘ်စားမှုများအပါအဝင် အခြားတိုင်ကြားမှုများကြောင့် စစ်ဆေးမှုများပြုလုပ်လျက်ရှိတယ်လို့ NLD ပါတီဗဟို သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ရှင် (မုံရွာ) ကပြောလိုက်ပါတယ်။ဒါဟာ အစိုးရအတွက် သိက္ခာပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ ကိစ္စရပ်တွေဖြစ်နေပါတယ်။ လူတွေဟာ ဆင်းရဲတဲ့ဒဏ်နဲ့ ချမ်းသာတဲ့ဒဏ်ဆိုတဲ့ လောကဒဏ်တွေကို ရင်ဆိုင်ရတဲ့အခါ ဆင်းရဲတဲ့ဒဏ်ကို ခါးစည်းပြီးခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်ကိုတော့ ရေရှည်မှာ မခံနိုင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ချမ်းသာလာတယ်။ အခွင့်အရေးတွေ ရလာတယ်။ လုပ်ပိုင်ခွင့်တွေ ရလာတဲ့အချိန်မှာ အဲ့ဒိအရာတွေအပေါ် ယစ်မူးသာယာပြီး ပျက်စီးတဲ့ စိတ်တွေ ၀င်လာတတ်ကြပါတယ်။ ဒါကြောင့် အခွင့်အရေးတွေကို ရတိုင်းအသုံးမချဘဲ နာမည်အထိအခိုက်မခံဘဲ ကိုယ့်ရဲ့ ၀န်ထမ်းဘ၀ ကို ရိုးသားစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ အကြံပြုလိုက်ပါရစေ။
 
ဒီတခါတော့ မှုခင်းသတင်းလေးတစ်ပုဒ်ကို တင်ပြပါရစေ။ အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦးကို သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်သွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ သာကေတမြို့နယ် ၊၄ မြောက် ရပ်ကွက်မှာ အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦးကိုသတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင် သွားတဲ့ တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြပါတယ်။ ဒီဖြစ်စဉ်မှာ သက်ကြီးရွယ်အိုတွေအနေနဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေ အိမ်မှာ မရှိတဲ့အချိန်ဆိုရင် သတိ ၊အသိလေးနဲ့ နေထိုင်ကြဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။ သက်ကြီးရွယ်အိုတွေ ကိုယ့်ရဲ့အိမ်မှာ ကိုယ့်ရဲ့မိသားစုမှာ ရှိနေတယ်ဆိုရင်လည်း ငယ်ရွယ်သူတွေအနေနဲ့ လူကြီးမိဘ ဘိုးဘွားတွေအတွက် လုံခြုံရေးအခြေအနေကို သေချာစစ်ဆေးပြီးမှသာအိမ်အပြင်ကို ထွက်သင့်တယ်လို့ အကြံပေးပါရစေ။ အခုခေတ်လို ခိုးဆိုးလုနှိုက် ကိစ္စတွေ အဖြစ်များနေချိန်မှာ ကိုယ့်အတွက်ရော ကိုယ့်ရဲ့ မိသားစုဝင်တွေအတွက်ပါ အစစအရာရာ လုံခြုံရေးကို အထူသတိပြု နေထိုင်သွားလာသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။
 
ယခုတင်ပြချင်တဲ့သတင်းကတော့ လူမှုကွန်ရက်မှာ မကြာခဏဆိုသလို ဝေဖန်တိုက်ခိုက်ခံနေရတဲ့ NLD ပါတီရဲ့ တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ဒေါ်စန္ဒာမင်းရဲ့ မတ်တော်စပ်သူဟာ ဆေးလာကုရင်း ဒေါ်စန္ဒာမင်းရဲ့ နေအိမ်မှာ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုသေဆုံးမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်မှာ ကောလဟာလတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ ရှိနေပါတယ်။ ဒီလိုကိစ္စတွေအတွက် ဒေါ်စန္ဒာမင်းက လိုက်လံဖြေရှင်းသွားမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ဒေါ်စန္ဒာမင်းဟာ ယခင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါ တယ်။ အဲ့အချိန်တုန်းကလည်း လွှတ်တော်မှာ ပြည့်တန်ဆာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ အစိုးရကို မေးခွန်းတွေ မေးခဲ့တဲ့အတွက် လူမှုကွန်ရက်ကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်စော်ကား မှုတွေ ပြုလုပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လူမှုကွန်ရက်ကို ဟက်ပြီး ညစ်ညမ်းဗီဒီယိုတွေ တင်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။ သူဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်သူလူထုအတွက် အလုပ်တွေကို ကြိုးစားဆောင်ရွက်နေတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။ အများအကျိုးရှိစေမယ့် မေးခွန်းတွေ အဆိုတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး တိုင်းပြည်ကောင်းကျိုး အတွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ကို မကြိုက်လို့ရှိရင်လည်း တခြားသော နည်းလမ်းမျိုးတွေကနေပဲ ဝေဖန်သင့်ပါတယ်။ အွန်လိုင်းပေါ်ကနေ ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက်နေတာတွေကတော့ ကောင်းမွန်မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့သာ တင်ပြလိုက်ပါရစေ။
 
ဒီတခါ တွံတေးသိန်းတန်ရုပ်တု ထုလုပ်မယ့်သတင်းလေးကို တင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ ရုပ်တုထုမယ်လို့ သတင်းကြားလိုက်တာနဲ့ အများစု မြင်မိတာက ဗိုလ်ချုပ်ရုပ်တုပဲ ဖြစ်ပါတယ်။ အခုပြုလုပ်မယ့် ရုပ်တုကတော့ မြန်မာသံစဉ်တွေကို ချိုမြပီသစွာ သီဆိုတတ်တဲ့ ဂန္တ၀င်အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ ရုပ်တု ထုလုပ်မှာပါ။တွံတေးမြို့အ၀င်မှာရှိတဲ့ ရွှေဆံတော်ဘုရား ရဲ့ အရှေ့ဘက်မုဒ်အနီးမှာ တွံတေးမြို့ဂုဏ်ဆောင် မြန်မာသံအဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ ပုံတူကြေးရုပ်တုကို ယခုနှစ် နှစ်ဆန်းပိုင်းမှာ ထားရှိ ဂုဏ်ပြုမယ်လို့ တွံတေးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကဆိုပါတယ်။ ရုပ်တုအတွက် ကုန်စရိတ်ကို အဆိုတော်ကြီးရဲ့ မိသားစုဝင်တွေက အကုန်အကျခံမှာ ဖြစ်ပါတယ်။အခုလို နိုင်ငံကျော် အဆိုတော်ကြီးတစ်ယောက်ရဲ့ ရုပ်တုကို ထုလုပ်မယ့်ကိစ္စဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် တွံတေးမြို့က ဒေသခံ ပြည်သူတွေအတွက် တို့မြို့ကနေ အခုလို ဂန္တ၀င်အဆိုတော် တစ်ဦး ပေါ်ထွက်ခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်ယူစေနိုင်မယ့် ကြည်နူးပီတိတွေကို ခံစားနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
 
အခုတစ်ခါတော့ စိတ်မကောင်းစရာ သတင်းလေးတစ်ပုဒ်ကို တင်ပြပါရစေ။ ကလေးငယ်နှစ်ဦးကို နှိပ်စက်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အင်းဝအပ်ချုပ်ဆိုင်ရဲ့ ပိုင်ရှင်ဟာ ဆီးချိုရောဂါနဲ့ ထောင်ထဲမှာ ကွယ်လွန်သွားခဲ့ရပါပြီ။ဒေါ်တင်သူဇာဟာ ဆီးချိုတွေ တက်နေတဲ့ အတွက် ထောင်တွင်းကဆေးရုံမှာ ဆေးဝါးကုသမှုတွေ ခံနေရပြီး အခုအခါမှာတော့ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူဟာ အိမ်အကူအမျိုးသမီးနှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၆ နှစ်နဲ့ တစ်လ ကျခံနေရသူ ဖြစ်ပါတယ်။ အိမ်အကူ အမျိုးသမီးငယ်လေးတွေကို နှိပ်စက်ခဲ့မှုတွေအတွက် ပြစ်ဒဏ်ကျခံပေမယ့်လည်း အခုလို အကျဉ်းထောင်အတွင်းမှာ ကွယ်လွန်သွားခဲ့ရတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်လို့ တင်ပြလိုက်ပါတယ်။
 
ဒီတခါတော့ ဝေဖန်သံတွေ ညံခဲ့တဲ့ ထိန်ရီသောည ဆိုတဲ့ မင်္ဂလာဆောင်သတင်းလေးကို တင်ပြပါမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်ရဲ့သားဖြစ်သူဟာ ဇန်န၀ါရီ ၇ ရက်နေ့မှာ သတင်းထောက် မလေးတစ်ဦးနဲ့ မင်္ဂလာဆောင်ခဲ့ပါတယ်။ မင်္ဂလာပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့် လူကြီးတွေ အစုံအလင်နီးပါး တက်ရောက်ချီးမြင့်ခဲ့ပါတယ်။ ဒီမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်းက လူမှုကွန်ရက် အသုံးပြုသူတွေ ကြားထဲမှာ ဝေဖန်သံတွေ ညံခဲ့ပါတယ်။ မြန်မာနိုင်ငံလို ဆင်းရဲမှုတွေ များနေတဲ့ တိုင်းပြည်မှာ အာဏာရ နိုင်ငံရေးပါတီတစ်ခုရဲ့ အကြီးအကဲတစ်ယောက်ရဲ့ သား မင်္ဂလာဆောင်တာ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပြောချင်ဆိုချင်နေကြတဲ့ လူတွေအတွက်တော့ ပြောစရာ ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ အဆိုပါမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာ မင်္ဂလာဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး မသန္တာရွှေရဲ့ စိန်စီသောည မင်္ဂလာဆောင်နဲ့ ခိုင်းနှိုင်းပြီး ထိန်ရီသောည ဆိုတဲ့ စကားနဲ့ လူမှုကွန်ရက်အသုံးပြုသူတွေက မှတ်ချက်ပြုကြပါတယ်။ ဒီလိုပြောဆိုနေတာတွေအတွက် ဦးဝင်းထိန်ကတော့ ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ မည်သို့ပင်ဆိုပေသော်ငြားလည်း တိုင်းပြည်ဆင်းရဲ့နေချိန်မှာ နိုင်ငံတော်ရဲ့ အာဏာရပါတီက အကြီးအကဲတစ်ယောက်ရဲ့ သားမင်္ဂလာဆောင်ကတော့ ဖိုးပြောချင် မယ်ပြောချင်တို့အတွက် ပြောစရာ ထောက်စရာတော့ ဖြစ်ခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။
 
အခုတခါ NLD အစိုးရလက်ထက်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာတာဆိုလို့ ကုန်ဈေးနှုန်း ၊ဒုစရိုက်မှုနဲ့ ရာဇ၀တ်မှုတွေသာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌရဲ့ ပြောစကား သတင်းကို တင်ပြချင်ပါတယ်။ဇန်န၀ါရီလ ၈ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ် (၃) သင်တန်း ဖွင့်ပွဲမှာ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးက အထက်ပါအတိုင်း ပြောခဲ့တာ ဖြစ်ပါတယ်။အရှိန်အဟုန်နဲ့ ကျဆင်းသွားတာဟာ ပြည်သူ့ဘ၀လုံခြုံရေး ၊ ရပ်ရွာအေးချမ်းသာယာရေး ၊ဒီမိုကရေစီအခြေခံပိုင်ခွင့်တွေ နဲ့ အရင်အစိုးရဆောင်ရွက်ခဲ့တဲ့ ရှေ့မတိုးနိုင်သေးတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အပါအ၀င် အချုပ်အခြာအာဏာကို မြန်မာပိုင်မှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေတွေကို ဦးသန်းဌေးက သုံးသပ်ပြော ကြားသွားပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအနေနဲ့ အခုလို ပြောကြားလိုက်တာဟာ ခါးပေမယ့်လည်း မှန်ကန်တဲ့ အကြောင်းအရာတွေ အများကြီးပါနေပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် အာဏာရ NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့ရဲ့ အကြားမှာ အပြိုင်အဆိုင်တွေ တစ်ဖွဲ့အပေါ် တစ်ဖွဲ့ ကြုံရင်ကြုံသလို ထိုးနှက်မယ့် အကြောင်းအရာတွေနဲ့သာ သံသရာလည်နေခဲ့တာ ကြာပါပြီ။ မဲဆန္ဒရှင်ပြည်သူတွေအတွက် အခြေခံ စားဝတ်နေရေး ၊ လူမှုဘ၀ လုံခြုံရေး ၊ လူနေမှုဘ၀ မြင့်မားရေး ၊ ၀င်ငွေ တိုးတက် ကောင်းမွန်ရေး အပါအ၀င် အဓိက လိုအပ်နေတာတွေကို NLD အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးနိုင်တာမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ အနေနဲ့ မှန်ကန်တဲ့ စကးတွေကို ပြောခဲ့သလို ပြည်သူလူထု လက်တွေ့ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကုစားပေးနိုင်ခဲ့မယ် ဆိုရင်တော့ ၂၀၂၀ မှာ ပြည်သူ့ထောက်ခံမဲတွေ ရရှိလာနိုင်လိမ့်မယ်လို့ တင်ပြချင်ပါတယ်။
 
အခုနောက်ဆုံး တင်ပြမှာကတော့ ၀န်ကြီးတွေ ပြုတ်တဲ့သတင်းပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေး ၊ ပဲခူး စတဲ့ နေရာတွေမှာ ၀န်ကြီးတွေ ပြုတ်တာ နုတ်ထွက်တာ ထွက်စာတင်တာတွေဟာ ပြည်တွင်းက လူမှုကွန်ရက်တွေမှာ ပလူပျံနေအောင် သတင်းတွေ တက်နေခဲ့ပါတယ်။ ဒီလိုသတင်းတွေအတွက် ပြည်တွင်းက ပုဂ္ဂလိက မီဒီယာသမားလေးတွေကလည်း ကြိုးစားပမ်းစားပဲ ကိုယ့်မီဒီယာ တိုက်အတွက် သတင်းလိုက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တိကျမှန်ကန်တဲ့ သတင်းအချက်အလက်ကို မရရှိကြဘဲ ဝေေ၀၀ါးဝါး သတင်းတွေနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ နောက်တစ်နေ့ထွက်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေမှာတော့ ၀န်ကြီး ၄ပါး ပြုတ်တဲ့သတင်းဟာ ကောလာဟလ လို့ ပါရှိခဲ့ပေမယ့် နိုင်ငံပိုင်သတင်းစာမှာတော့ ကောလာဟလ ထွက်ခဲ့တဲ့ သတင်းဟာ အတည်အဖြစ်နဲ့ ပါလာခဲ့ပါတယ်။ တစ်နေ့ထဲထွက်တဲ့ သတင်းစာချင်းအတူတူမှာ အခုလို လူကြီးအပြောင်းအလဲသတင်းတွေအတွက် ဖော်ပြမှု ကွဲလွဲနေတာဟာ သာမန်ဖြစ်စဉ်လို့ တွေးရင်တော့ ဘာမှ ပြသနာမရှိပေမယ့် သေသေချာချာ တွေးကြည့်မယ်ဆိုရင် ပုဂ္ဂလိက မီဒီယာတွေအပေါ် စာဖတ်သူပြည်သူတွေရဲ့ ယုံကြည်မှုကို ပျက်ယွင်းစေတာ အမှန်ပါပဲ။ ဒါ့အပြင် အစိုးရ လူကြီးတစ်ဦးက ဒီသတင်းနဲ့ ပတ်သက်ပြီး ကောလာဟလလို့ ဆိုထားခဲ့ပေမယ့် နောက်နေ့မှာ တကယ့်အတည်ကြီး ဖြစ်လာတာဟာ သူ့အတွက် ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်မှာ အစိုးရအဖွဲ့နဲ့ အာဏာရပါတီ အကြား သတင်းအချက်အလက်စီးဆင်းမှုနဲ့ ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်မှု အားနည်းနေတာကို ဖော်ပြနေသလိုဖြစ်နေ ပါတယ်။ သတင်းတစ်ခုခု ထွက်လာပြီဆိုတာနဲ့ ကောလာဟလဆိုတာ မြန်မာနိုင်ငံမှာ တကယ့်အတည်ကြီးပါလားလို့ ပြောရမလို ဖြစ်နေပါတယ်လို့ တင်ပြလိုက်ပါတယ်။
အထက်ပါ သတင်းများကို ပဉ္စမလှိုင်း ၊ Mizzima ၊ Irrawaddy ၊ ပေါ်ပြူလာနယူး တို့ မှ ပြန်လည်ထုတ်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

Leave a Reply