တရုတ်-မြန်မာ ကုန်ပစ္စည်းဖလှယ်ရာတွင် မူဆယ်၌ ပိတ်မိနေသည့် ဆန်များကို ဦးစားပေး ဆောင်ရွက်မည်

0
134

ဧပြီ ၂၃
ဝေဝေဖြိုး

တရုတ်-မြန်မာ ကုန်ပစ္စည်းဖလှယ်သည့် စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မူဆယ်၌ ပိတ်မိနေသည့် ဆန်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။

ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရ နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့  ကုန်ဖလှယ်မှုစနစ် (Barter System) ဖြင့် ကုန်သွယ်မှု ပြုလုပ်ရန် ယခုလ ၂၁ ရက်က နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။

“Barterစနစ်က နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ရည်ရွယ်တာပါ ။ အခုလတ်တလော မူဆယ်မှာ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နိုင်တဲ့ အနေထားမရှိတဲ့အတွက် ဆန် တန်ချိန် ၄သောင်းကျော် ၅သောင်းလောက် ပိတ်မိနေတယ်လို့ သတင်းတွေရတယ်။ မန္တလေး-မူဆယ် ကုန်သွယ်နေတဲ့ အသေးစားအလတ်စားလုပ်ငန်းရှင်တွေအတွက်လဲ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါကိုအဖြေရှာဖို့ အတွက်ဆို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဆွေးနွေးရမယ့်ဟာဖြစ်တယ်။ အညီအမျှ ကုန်သွယ်မှုကိုလုပ်နိုင်ရင် ယူနန်ပြည်နယ်လဲ အကျိုးရှိတယ်၊မြန်မာနိုင်ငံလဲ အကျိုးရှိတဲ့အတွက် Barterစနစ်နဲ့ သွားမယ်ဆိုပြီး နှစ်နိုင်ငံအစိုးရတွေ ညှိနှိုင်းပြီး သဘောတူလိုက်တာပါ”ဟု ၎င်းကပြောသည်။

ယင်း MoU ကို အောင်မြင်စွာ ညှိနှိုင်း အကောင်အထည်ဖော်နိုင်ပါက ဆန်စပါး အပါအဝင် မြန်မာ့ လယ်ယာ သားငါးထွက်ကုန်များကို မူဆယ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တွင်ကျယ်စွာ တင်ပို့ ရောင်းချနိုင်မည် ဖြစ်သည်။

ယူနန်ပြည်နယ်က ထွက်ရှိသည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ စသည့် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ပြီး မြန်မာနိုင်ငံက ထွက်ရှိသည့် ဆန်စပါး၊ လယ်ယာ ၊သား၊ငါး ၊ပုစွန် ၊ကျွှဲ ၊နွား၊ပြောင်း များကို ယူနန်ပြည်နယ်သို့ တင်ပို့၍ အညီအမျှ ကုန်သွယ်မှု လုပ်နိုင်မည်ဆိုပါက နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဟု ဆိုသည်။

“မေလထဲမှာ စပြီး လုပ်နိုင်အောင်လုပ်မယ်။ ဦးစားပေးကတော့ လတ်တလော မူဆယ်ကို ရောက်နေတဲ့ ဆန်တွေကို အဓိက ဦးစားပေးအနေနဲ့ ဆောင်ရွက်ဖို့ ရှိပါတယ်”ဟု ဦးရဲမင်းအောင်ကပြောသည်။

ယင်းစနစ်ကို စမ်းသပ်လုပ်ဆောင်ကြည့်မည် ဖြစ်သောကြောင့် ဈေးနှုန်းသတ်မှတ်ခြင်းများ၊ ပမာဏတွက်ခြင်းများ၊ ၎င်းတို့လိုသည့်ပစ္စည်း၊ မိမိတို့ရောင်းချချင်သည့် ပစ္စည်းများ စသည့်အရာများကို ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် ရှိသည်ဟုဆိုသည်။

နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် တင်ပို့မည့် ပစ္စည်းများ တင်သွင်းလိုသည့် ပစ္စည်းများကို စာရင်းပြုစုရမည် ဖြစ်ပြီး ယင်းကဲ့သို့ စာရင်းများပြုစု၍ မေလတွင် ပြန်လည်တွေ့ ဆုံ၍ အရေအတွက်၊ ပမာဏ၊ ဈေးနှုန်း စသော အရောင်းအဝယ်ကိစ္စများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကုန်စည်ဖလှယ်သည့်ကုန်သွယ်ရေး (The Barter Trade) ဆိုသည်မှာ ငွေသားပေးချေကာ ကုန်ပစ္စည်းအရောင်းအ၀ယ် ပြုလုပ်ခြင်းမဟုတ်ဘဲ ကုန်စ္စည်းများကို တန်ဘိုးသင့် တွက်ချက်ကာ လဲလှယ်ခြင်းဖြစ်သည်။

ယင်းအစီအစဉ်သည် လစဉ် ကုန်ဖလှယ်မှုကို အခြေခံသော အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး နှစ်ဖက် ညှိနှိုင်းကာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ဆောင်ရွက်သွားမည့် အစီအစဉ် ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံက တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးအရေးယူနေသည့်အတွက် လက်ရှိချိန်အထိ တရုတ်-မြန်မာ မူဆယ်နယ်စပ် ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်ရပ်တန့်လျက်ရှိသည်။

Leave a Reply