နိုင်ငံရဲ့လုံခြုံရေးစနစ်တစ်ခုလုံးကို ပြန်စစ်ဆေးဖို့ သီရိလင်္ကာအစိုးရကတိပြု

0
76

ဧပြီ ၂၄
နိုင်ငံတကာသတင်း

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှုအနည်းဆုံး ၆ ကြိမ်ဖြစ်ခဲ့လို့ လူ ၃၂၁ ယောက်သေဆုံးပြီး ၅၀၀ လောက်ဒဏ်ရာရခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့လုံခြုံရေးစနစ်တစ်ခုလုံးကိုပြန်စစ်ဆေးမယ်လို့ သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆီရီစီနာက ကတိပြုခဲ့ပါတယ်။

အင်္ဂါနေ့ညပိုင်းမှာ နိုင်ငံကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲတွေကို တစ်ရက်အတွင်း လူလဲသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သူ့ကိုလည်း သတိပေးချက်တွေမပေးထားဘူးလို့ပြောခဲ့ပြီး ပြတ်သားတဲ့အရေးယူမှုတွေလုပ်သွားမယ်လို့လည်း ကတိပြုခဲ့တာပါ။

နိုင်ငံတ၀ှမ်းမှာတော့ အသုဘအခမ်းအနားတွေကျင်းပနေရတုန်းပါ။

ဒီပေါက်ကွဲမှုတွေနဲ့ အစ္စလာမ်မစ်နိုင်ငံတော်လို့သူတို့ကိုယ်သူတို့သတ်မှတ်ကြတဲ့ ISIS အဖွဲ့နဲ့ချိတ်ဆက်မှုရှိနိုင်တယ်လို့ ၀န်ကြီးချုပ် ရာနေး ၀စ်ရီမီဆင်ဂီက ပြောထားပါတယ်။

တနင်္ဂနွေနေ့ကတိုက်ခိုက်မှုတွေဟာ နိုင်ငံခြားကအကြမ်းဖက်အဖွဲ့တွေရဲ့အကူအညီမပါဘဲ ဖြစ်မလာနိုင်ဘူးလို့ သီရိလင်္ကာအစိုးရက ယုံကြည်နေတယ်ဆိုပြီးလည်း ၀စ်ရီမီဆင်ဂီကပြောပါတယ်။

သက်သေအတိအကျမပေမဲ့ အဲဒီတိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက်လို့ ISက အင်္ဂါနေ့မှာဝန်ခံခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့လတုန်းက နယူးဇီလန်နိုင်ငံ၊ ခရစ်ချာ့ခ်ျမြို့မှာ ဗလီတွေကို ၀င်ပစ်ခဲ့တဲ့ဖြစ်ရပ်ကို တုံ့ပြန်ခဲ့တာလို့လည်း ISအဖွဲ့ပိုင်အာမက်ရုပ်သံကဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုတွေရဲ့လက်သည်ဒေသခံမွတ်ဆလင်တွေနဲ့ ကမ္ဘာ့အစွန်းရောက်အဖွဲ့တွေကြား ဆက်စပ်မှုရှိသလားဆိုတာ စစ်ဆေးနေတယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒေသခံအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ အမျိုးသားသော်ဝိဂျာမတ်(NTJ)အဖွဲ့ရဲ့လက်ချက်လို့ သီရိလင်္ကာအစိုးရက အပြစ်တင်နေပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေတယ်လို့သံသယရှိတဲ့ နိုင်ငံသား လူအယောက် ၄၀ ကိုလည်း ရဲတွေက ထိန်းသိမ်းထားပြီး နိုင်ငံမှာလည်း အရေးပေါ်အခြေအနေကြေညာထားပါတယ်။

တနင်္ဂနွေနေ့က ခရစ်တော်ရှင်ပြန်ထမြောက်တဲ့အခမ်းအနားကျင်းပနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူနေများတဲ့ဇိမ်ခံဟိုတယ်တွေမှာ ပေါက်ကွဲမှုအနည်းဆုံး ၆ ကြိမ်ဖြစ်ခဲ့ပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews
Photo-NDTV

Leave a Reply