နယ်မြေခံတပ်ဌာနချုပ်အား AA အဖွဲ့က ကျေးရွာအတွင်းမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ် ဟု တပ်မတော်ထုတ်ပြန်

0
157

ဧပြီ ၂၅
ပဉ္စမလှိုင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် အား ဧပြီ ၂၄ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ကျေးရွာ အတွင်းနှင့် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တို့မှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်၊ လုံခြုံရေးဂိတ်ကင်းနေရာများသို့ AA အကြမ်းဖက်သောင်းကျန်းသူအချို့က ကျေးရွာအတွင်းမှ နေရာယူ၍ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူ့ပစ်ခတ်မှု ည ၇ နာရီ မိနစ် ၄၀ ခန့်တွင်ရပ်တန့် သွားခဲ့ပြီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီး ဖြင့်လည်းကောင်း၊ ည ၉ နာရီခန့်တွင် လက်နက်ငယ်များဖြင့်လည်းကောင်း ထပ်မံနှောက်ယှက် ပစ်ခတ်ခဲ့သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ရှာ ဖွေစစ်ဆေးခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် တပ်ဌာနချုပ်အိမ်ထောင်သည် လိုင်းခန်းများနေရာမှ AA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၁ လောင်းရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဘောင်းဒုတ်ကျေးရွာအတွင်းမှ တပ်ဌာနချုပ်များသို့ AA အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ် တိုက်ခိုက်ခဲ့မှုအနေဖြင့် ယခုအကြိမ်အပါအ၀င် ၃ ကြိမ်ရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍လည်း ဧပြီ ၁၈ ရက်တွင် တာဝန်ရှိသူများက ၎င်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ AA အကြမ်းဖက်သောင်းကျန်းသူများ ရွာအတွင်းသို့ ၀င်ရောက်မှုမရှိစေရေး၊ ရောက်ရှိလာပါက သက်ဆိုင်ရာသို့သတင်းပို့၍ ရပ်ရွာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့အား စည်းရုံးဆွေးနွေး ခဲ့ပြီးဖြစ်သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ်ပြည်သူလူထု အထင်မြင်လွဲမှားစေရန် မြို့၊ ရပ်ကွက်၊ ကျေးရွာများနှင့် ကျေးရွာလူထုအား လူသားတံတိုင်း အဖြစ် အသုံးချလျက် တပ်ဌာနချုပ်များနှင့် တပ်မတော်လုံခြုံရေးစစ်ကြောင်းများကို မကြာခဏချောင်းမြောင်း ပစ်ခတ်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Leave a Reply