မြန်မာတရားမဝင် အလုပ်သမားတွေ ထိုင်းမှာ ဖမ်းမိ

0
107

ဧပြီ ၂၆
နိုင်ငံတကာသတင်း

ကြာသပတေးနေ့ညနေက ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန်းခရိုင်၊ ခလောင်ဝမ်မြို့က ဆင်ခွန်စစ်ဆေးရေးဂိတ်မှာ ထိုင်းကင်းလှည့်ရဲတွေက ပစ်ကပ်ကားတစ်စီးပေါ် အပြည့်အသိပ်တင်လာတဲ့ မြန်မာနိုင်ငံသားတရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၃၂ ယောက်နဲ့ ယာဉ်မောင်းထိုင်းနိုင်ငံသားတို့ကို ဖမ်းဆီးခဲ့တယ်လို့ အဲဒီကင်းလှည့်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် မာနစ် ခမ်မာနီးက ပြောပါတယ်။

ရဲတွေကို မြင်တဲ့အချိန်မှာ ယာဉ်မောင်းက မောင်းပြေးလို့ ရဲတွေက လိုက်ဖမ်းခဲ့ရပြီး လမ်းတစ်လျှောက်က ရဲတွေကိုလည်း ကားရပ်အောင်တားကြဖို့ ရေဒီယိုကနေတဆင့် အကြောင်းကြားခဲ့တယ်လို့လည်း သိရပါတယ်။

ယာဉ်မောင်းက တစ်နာရီကို ၁၄၀ ကီလိုမီတာနှုန်းလောက်နဲ့မောင်းခဲ့ပြီး ပထမတွေ့ခဲ့တဲ့စစ်ဆေးရေးဂိတ်ကနေ လိုက်ဖမ်းတာ တစ်နာရီကျော်ကြာမှ လိုင်အပ်သလာချာလေးလမ်းပေါ်မှာ ဖမ်းမိခဲ့တယ်လို့လည်း ရဲတွေကပြောပါတယ်။

အင်ဂျင်ကိုပြင်ပြီး အဆင့်မြှင့်ထားတယ်လို့ နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့တဲ့ကားကိုပိတ်တားနိုင်ပြီးတဲ့နောက် မိုးကာစနဲ့အုပ်ထားတဲ့ကားနောက်ခန်းကို ဖယ်လိုက်တဲ့အချိန်မှာ ချွေးတွေထွက်နေပြီး နွမ်းနယ်နေပုံပေါက်တဲ့ မြန်မာနိုင်ငံသားတွေကိုတွေ့ခဲ့ရလို့ ရဲတွေ အံ့သြခဲ့ရပါတယ်။

ဖမ်းမိခဲ့တဲ့တရားမ၀င်ရွှေ့ပြောင်းလုပ်သားတွေထဲမှာ အယောက် ၂၀ က အသက် ၂၀ နဲ့ ၃၂ နှစ်ကြား အမျိုးသားတွေဖြစ်ပါတယ်။

ကျန်တဲ့ ၁၂ ယောက်ကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။

သူတို့တွေက မော်လမြိုင်ကဖြစ်ပြီး မြိတ်ကနေတဆင့် ပရာချွတ်ခီရီခန်းကိုသွားတဲ့ထိုင်း-မြန်မာနယ်စပ်ကို ၂ ရက်ကြာခြေလျင်လျှောက်ခဲ့ရတယ်လို့ ထိုင်းရဲတွေရဲ့စုံစမ်းစစ်ဆေးမှုအရသိရပါတယ်။

ကားကြမ်းပြင်ပေါ်မှာ ရေခဲတုံးတွေတွေ့ခဲ့ရပြီး အဲဒီရေခဲတွေက ကားထဲမှာ အပူသက်သာအောင် ဖန်တီးထားတာလို့ ယာဉ်မောင်းကပြောပါတယ်။

သူတို့က မလေးရှားကိုသွားဖို့ စီစဉ်ထားတာဖြစ်ပြီး သူတို့ကိုပို့ပေးဖို့ ထိုင်းလူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းကို တစ်ယောက် ဘတ် ၁၆၅၀၀ ပေးခဲ့ရတယ်လို့ ထိုင်းရဲတွေက စစ်ဆေးတွေ့ရှိပါတယ်။

Source-Bangkok Post

#ဥက္ကာ
#TheFifthWaveNews
Photo- Charwat Sayaem

Leave a Reply