တပ်မတော်က ဖမ်းဆီးထားသော ၂၇ ဦးမှ ၃ ဦး သေဆုံး

0
103

ဧပြီ ၂၇
ညိုမှိုင်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၇ ဦး ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်ပြီး တွေ့ဆုံခွင့်ရရှိရေး အတွက် ရခိုင်ပြည်နယ် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ကို မိသားစုဝင်များက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါမိသားစုဝင် ၃၀ ဦးခန့်တို့မှာ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်တွေ့ဆုံပြီး ယင်းဖမ်းဆီးခံနေရသူများအား တွေ့ဆုံခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နဲ့ လက္ကာရွာသားတွေတွေ့ဆုံတဲ့အခါမှာ သူတို့ရဲ့မိသားစုတွေကို တွေ့ဆုံခွင့်ရရှိဖို့အတွက် အကူအညီ ပေးပါဆိုပြီး ကျွန်တော်ကို အကူအညီလာတောင်းတာပါ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်တို့ဆီကို ဖုန်းဆက်ပြီးတော့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့အတွက် လုပ်ပေး လိုက်တယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့လွှတ်တော်အနေနဲ့ လုပ်သင့်တာတွေကို လုပ်သွားမှာပါပဲ။”ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကပြောသည်။

ယင်းအပြင် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မိနစ် ၃၀ ခန့်တွေ့ဆုံခွင့်ရရှိခဲ့ရာတွင် ဖမ်းဆီးခံနေရသူများအား တွေ့ဆုံခွင့်ရရှိရေးအတွက် မိသားစုဝင်များကတောင်းဆိုမှုများပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ကတော့ ဖမ်းဆီးခံနေရတဲ့ ကျွန်တော်တို့ရဲ့ သားတွေ၊ လင်တွေကို ဘယ်မှာထားသလဲ။ တွေ့ခွင့်ရချင်တယ်။ သူတို့ရဲ့အခြေအနေတွေကိုသိချင်တယ်လို့ပြောပါတယ်။ ဝန်ကြီးချုပ်ကတော့ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားတယ်။ ဆေးဝါးတွေလည်း ကုသမှုရရှိတယ်။ ကျန်ကျန်းမာမာရှိနေတယ်။ လောလောဆယ် တွေ့ခွင့်မပေးနိုင်သေးဘူး။ မကြာခင်မှာ ရဲကိုလွှဲပေးမယ် အဲ့ဒီကျမှပဲ တွေ့ခွင့်ရမယ်လို့ပြောပါတယ်။”ဟု ဦးကျန်မောင်ကပြောသည်။

ထို့အပြင် သေဆုံးသူသုံးဦးကိစ္စနှင့်ပတ်သက်ပြီး မိသားစုများအားအလောင်းပြန်လည် အပ်နှံမှုမပြုလုပ်ခြင်း၊ သေဆုံးသည့်ကိစ္စကို အကြောင်းမကြားခြင်းစသည့်ကိစ္စရပ်များအား မေးမြန်းခဲ့ကြကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

“သုံးဦးသေဆုံးတာနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးကနေတစ်ဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိတာကြောင့် သင်္ဂြိုဟ်လိုက်ရတယ်လို့ပြောပါတယ်။ နောက်ပြီးတော့ သူတို့တွေဟာ ဗုဒ္ဓဘာသာတွေလို့ ယူဆတဲ့အတွက် သရဏဂုံတင်ပြီးတော့ သင်္ဂြိုဟ်လိုက်တာဖြစ်တယ်လို့ပြောပါတယ်။”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

ယင်းဖမ်းဆီးထားသူ၂၇ ထဲတွင် လက္ကကျေးရွာသားများအပြင် ကျောက်တော်မြို့နယ် ယွန်းချောင်းကျေးရွာ တစ်ဦးသေဆုံးသွားပြီဖြစ်ကာ တခြားကျေးရွာများမှလည်း ကျေးရွာအတွင်း လူငယ်များပါဝင်ကြောင်း မိသားစုများကပြောသည်။

#thefifthwavenews

Leave a Reply