AA နှင့် ပါဝင် ပတ်သက်မှုမရှိသည့် ၁၂၆ ဦးအား တပ်မတော်မှ ပြန်လည်လွှတ်ပေး

0
125

မေ ၃
ယဉ်ကေနွယ်

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာ နှင့် စေတီတောင်တွင် AA အဖွဲ့မှ ပြေးလာ၍ ခိုအောင်းနေသည် AA ဟု ယူဆ ရသူ ၂၇၅ ဦးကို တပ်မတော်မှ ဧပြီလ ၃၀ ရက်နေ့က ထိန်းသိမ်းလိုက်ကြောင်းသိရသည်။

၂၇၅ ဦး ထိန်းသိမ်းမှုတွင် အိမ်ထောင်စုဇယားတွေနဲ့ တိုက်ပြီးစစ်ဆေးမှုတွင် အိမ်ထောင်စုဇယားတွင် မပါသည့် သူများ၊ မသင်္ကာသည့် သူများအား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းမှုတွင် အသက် အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား အမျိုးသားများပါဝင်ကြောင်းသိရသည်။

ထိုသို့ ထိန်းသိမ်းထားပြီး ယနေ့ တွင် သံသယ မရှိသူ ၁၂၆ ဦး ကို ပြန်လည် လွတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

“ပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီးတော့ ဒီကနေ့ မနက်မှာ သံသယကင်းကင်းနဲ့ ၁၂၆ ဦးကို ပြန်လွှတ်ပြီိးဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ယနေ့ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သည့် AA သောင်းကျန်းသူများ၏ဥပဒေ ချိုးဖောက်မှုနှင့် ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၂၇၅ ဦးတွင် အချို့ မှ လက်နက်များ ၀င်လုသည့် အတွက် မလွှဲမရှောင်သာ ပစ်ဆတ်လိုက်သည့် အတွက် ၆ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ရာ ၄ ဦး ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

“ကျွန်တော်တို့ကတော့ လုံခြုံရေးတပ်ဖွဲ့နဲ့ လူအုပ်စု ထိန်းသိမ်းတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ပြစ်မှုဆိုင်ရာ ကျင်းထုံးဥပဒေ ပုဒ်မ ၁၃၁ အတိုင်း ဟန့်တားတယ်။အော်ဟစ်ပြီးတော့မှ တားဆီးခဲ့တယ်။ မရရင်ပြေးရင်တော့ သေနတ်မိုးပေါ်ထောင် ခြောက်လန့် ပစ်ခတ်တယ်။ လူစုမကွဲဖို့။ လူစုမကွဲတဲ့ အပြင် အဲ့ ထဲက တချို့လူတွေက လက်နက် ၀င်လုတဲ့ ပုံစံမျိုးထိ ဖြစ်လာတော့ မလွှဲမရှောင်သာပစ်ခတ်ထိမ်းသိမ်းခဲ့ရတာရှိတယ်။အဲ့ထဲမှာ သတင်းထုတ်ပြန်ထားတာတော့ ၆ ဦးသေဆုံးတာရှိပါတယ်။ ၈ ဦးဒဏ်ရာရတာ ရှိတယ်။ ၄ ဦးကတော့ ထွက်ပြေးလွှတ်မြောက်သွားတာရှိတယ်”ဟု ၎င်း ကပြောသည်။

ပြင်ပတွင် ထွက်ပေါ်နေသည့် အစာ ရေစာ အငတ်ထားခြင်း တို့သည် မဟုတ်မှန်သည့် သတင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

” ကျွန်တော်တို့ဆီမှာ အထောက်အထား ဓာတ်ပုံတွေရှိပါတယ်။ကျောင်းဝိုင်းထဲမှာရှိတဲ့ သစ်ပင်ရိပ်အောက်မှာထမင်းဝိုင်းစုစားနေတဲ့ပုံတွေရှိပါတယ်” ဟု ၎င်း ကပြောသည်။

သေဆုံးခဲ့သည့် ၆ ဦးကို ယနေ့ နံနက်ပိုင်းက ၎င်း တို့ ၏ မိသားစုဝင်များဆီပြန်လည် အပ်နှံကာ သဂြိုလ်ပေးမှု မြေချမှုများ ၊မြောက်ပိုင်း စစ်ဌာချုပ်မှ ခနာရေးကူညီမှုအနေဖြင့် တစ်ဦးလျှင် ၃ သိန်း နှုန်းဖြင့် ကူညီထောက်ပံ့ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား စစ်တွေ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ အတူ လက်ကာ ကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် သံသယရှိသူ ၂၇ ဦးကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

ယင်း ၂၇ ဦးတွင် ပဏာမ စစ်ကြောချက်အရ ၁၈ ဦးသည် AA တပ်ဖွဲ့ဝင်များဖြစ်ပြီး မြောက်ဦး ရဲတပ်ဖွဲ့ဝင်များအားတိုက်ခိုက်ခဲ့ချိန်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူများဖြစ်ကြောင်း၊ ၅ ဦးသည်လည်း အမာခံဖြစ်ပြီး ကျန်နေသည့် သူများသည်လည်း သံသယ ရှိသူများဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

အဆိုပါ ၂၇ ဦးအား စစ်ကြောချက်အရ ရရှိသည့် အချက်အလက်များဖြင့် တရားရုံးတွင် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားသူကြီး၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

#TheFifthWave

Leave a Reply