ရခိုင်အခြေစိုက် DMG သတင်းဌာန တရားစွဲခံထားရပြီး တာဝန်ရှိသူများကို ရဲတပ်ဖွဲ့ကခေါ်ယူမေးမြန်း

0
43

မေ ၅ 
ညိုမှိုင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဒေသမီဒီယာတစ်ခုဖြစ်သည့် Development Media Group –DMG သတင်းဌာနက တရားစွဲဆိုထားကြောင်း မကြာသေးမီရက်ပိုင်းအတွင်းက သတင်းများထွက်ပေါ်လာခဲ့ပြီး ယနေ့ညနေပိုင်းတွင် သတင်းဌာနမှ တာဝန်ရှိသူနှစ်ဦးအား ရဲတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့သည်။

အဆိုပါသတင်းဌာနသို့ ယနေ့ညနေ ၅ နာရီခန့်အချိန်တွင် စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရုံးသို့ရောက်ရှိလာခဲ့ကြပြီး တာဝန်ရှိသူနှစ်ဦးဖြစ်သည့် သတင်းထောက်ချုပ် နေဝင်းစံနှင့် ရုပ်သံသတင်းထောက် သက်နိုင်တို့အား ခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း DMG မှ ပြောကြားသည်။

“ညနေ ၅ နာရီလောက်မှာ အရပ်ဝတ်နဲ့ လူနှစ်ယောက်ရောက်လာတယ်။ နေဝင်းစံနဲ့ သက်နိုင်ကိုမေးတယ်။ စခန်းမှူးကခေါ်ခိုင်းတယ်လို့ပြောတယ်။ အကြောင်းအရာတစ်ခုမှမပြောဘူး။ ရဲစခန်းကိုရောက်မှ သိရမယ်လို့ပြောသွားပါတယ်။”ဟု DMG သတင်းဌာနက ပြောကြားသည်။

၎င်းတို့နှစ်ဦးအား စစ်တွေမြိုမရဲစခန်းမှ ခေါ်ယူခဲ့ပြီး ကိုယ်ရေးအချက်အလက်နှင့် တသင်းတည်ဆောက်ပုံများနှင့်ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းမှုများပြုလုပ်ခဲ့ကာ ညနေ ၈ နာရီခန့်အချိန်တွင် ပြန်လည်လွတ်ပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုမေးတယ်။ သတင်းတည်ဆောက်ပုံတွေကိုမေးတယ်ပေါ့နော်။ ကျွန်တော်တို့မှာ အလုပ်တွေရှိသေးတယ်လို့ပြောတဲ့အတွက် မနက်ဖြန် ၉ နာရီကို ပြန်ခေါ်လိုက်တယ်။ ဒီအပေါ်မှာတော့ သူတို့အလုပ်ကိုသူတို့လုပ်တာပဲ။ ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကို ဆက်လုပ်ရမှာပေါ့။”ဟု စစ်ဆေးမေးမြန်းခံခဲ့ရသူ သတင်းထောက်ချုပ် နေဝင်းစံကပြောသည်။

ယင်းသို့ သတင်းဌာနအားတရားစွဲဆိုထားမှုနှင့် တာဝန်ရှိသူများအားခေါ်ယူမေးမြန်းမှုများပြုလုပ်ခြင်းနှင့်ပတ်သက်၍ စခန်းမှူးအား မေးမြန်ခဲ့ရာ အကြောင်းအရာပေါ်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါ။

“ကျွန်တော်တို့က ခေါ်ယူမေးမြန်းတာပါ။ စစ်ဆေးတာမဟုတ်ဘူး။ ဘာကြောင့် မေးမြန်းရတယ်ဆိုတာတော မနက်ကျမှ သူတို့ကိုစစ်ဆေးပြီးမှပဲ ပြောနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီသတင်းဌာနကိုတော့ SB က တိုင်ကြားထားတာတော့ရှိတာပေါ့။”ဟု စစ်တွေမြို့မရဲစခန်းမှူးက မီဒီယာများအားပြောကြားခဲ့သည်။

အဆိုပါသတင်းဌာနမှ ရခိုင်ပြည်နယ်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းများရေးသားဖော်ပြနေမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သတင်းတပ်ဖွဲ့ SB မှ သတင်းဌာန၏ တာဝန်ခံအယ်ဒီတာအား ဥပဒေပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Leave a Reply