SSPP တပ်ဖွဲ့ဝင် ၄၀ကျော်ကို တပ်မတော်မှဖမ်းဆီးထား

0
211

ရန်ကုန် – ဇန်န၀ါရီ ၁၅ ၊ ၂၀၁၈

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင် ၄၀ကျော်ကို တပ်မတော်မှ နည်းလမ်းအမျိုးမျိုးဖြင့် ဖမ်းဆီးထားကြောင်း SSPPကဇန်န၀ါရီ ၁၄ ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

SSPPဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို ဇန်န၀ါရီ(၆)ရက် နေ့မှ(၁၃)ရက်နေ့အထိကျင်းပခဲ့ပြီး ဇန်န၀ါရီ ၁၄ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသဘောထားထုတ်ပြန်ကြေညာချက်တွင် SSPPအနေဖြင့် အစိုးရနှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း တပ်မတော်မှ နယ်မြေစိုးမိုးရေးအကြောင်းပြချက်ကြောင့် တိုက်ပွဲပေါင်း ၅၀၀ကျော် ဖြစ်ပွားခဲ့ပြီး ဌာနချုပ်ဖြစ်သည့် ၀မ်ဟိုင်း၏ အ၀င်အထွက် လမ်းကြောင်း များကို ပိတ်ဆို့ထားကြောင်းပါရှိသည်။

ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်စေလွှတ်ပေးရန်အတွက် အစိုးရနှင့်တပ်မတော်အကြီးအကဲများထံ အကြိမ်ကြိမ် စာရေးညှိနှိုင်း တောင်းဆိုခဲ့သော်လည်း ပြန်လည်စေလွှတ်ပေးခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှု၍ အမြန်ဆုံးပြန်လည်စေလွှတ်ပေးရန် တောင်းဆိုထားသည်။

SSPPအနေဖြင့် လက်ရှိNLDအစိုးရချမှတ်ထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံ(၇)ရပ်ကို ကြိုဆိုထောက်ခံပြီး နိုင်ငံရေးပြဿနာကိုနိုင်ငံရေး နည်းဖြင့်ဖြေရှင်းနိုင်ရန်နှင့် ပိုမိုပီပြင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ထွန်းလာရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘောထား ကြေညာချက်တွင်ဖော်ပြထားသည်။

ရှမ်းပြည်နယ်နောင်ချိုမြို့၊ ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း အနောက်ဘက်ရှိသပြေဒိုးကျေးရွာတွင်ဆက်ကြေးကောက်ခံသည့်SSPPတပ်ဖွဲ့ဝင် ၅ဦးကိုနယ်မြေကျော်လွန်ရောက်ရှိနေသည့် အတွက် ဖမ်းဆီးခဲ့ကြောင်း တပ်မတော်မှ ဇန်န၀ါရီ ၁၀ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကိုဥာဏ်

Leave a Reply