ပဉ္စမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု စတင်

0
108

မေ ၆
ဝေဝေဖြိုး

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ၊ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ယခုလ ၆ ရက်မှစတင်၍ ၁၂ ရက်အထိ ၇ ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ၊ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

“ဒီရက်သတ္တပတ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးတာတွေ လုပ်ပါမယ်။ စည်းကမ်းလိုက်နာတဲ့ ပြည်သူတွေ ယာဉ်မောင်းတွေကို ဆုချပါမယ်။ပြစ်မှုကျူးလွန်တဲ့ ယာဉ်မောင်းတွေ လမ်းစည်းကမ်းဖောက်တဲ့သူတွေကိုတော့ မော်တော်ယာဉ်ဥပဒေအရ အရေးယူဖို့ရှိပါတယ်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရင် ကျွန်တော်တို့နိုင်ငံမှာ ယာဉ်အန္တရာယ်ကြောင့် သေဆုံးတဲ့ ဒဏ်ရာရတဲ့သူတွေ လျော့နည်းသွားမှာဖြစ်ပါတယ်”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ယင်းလှုပ်ရှားမှုများကို ယခုလ ၆ ရက်မှ ၈ရက်အထိ အဖွဲ့ ၈ ဖွဲ့ ခွဲ၍ ဘတ်စ်ကားပေါ်တွင် ခရီးသွား ပြည်သူများကို ဂိတ်အစမှ ဂိတ်အဆုံး အသိပညာပေးဟောပြောခြင်း ၊ ဘတ်စ်ကားမှတ်တိုင်တွင် ပြည်သူများကို ပညာပေးခြင်း ၊ YBS ဂိတ်စ ဂိတ်ဆုံးတွင် ယာဉ်မောင်းများကို အန္တရာယ်ကင်းရှင်းအောင် မောင်းနှင်ရန် ဟောပြောခြင်း ၊မီးပွိုင့်များတွင် စည်းကမ်းလိုက်နာပြီး ရပ်နားခြင်း ၊မောင်းနှင်ခြင်းပြုလုပ်သည့် ကားများကို ဆုချခြင်း နှင့် လူကူးမျဉ်းကျားများကို အသုံးပြုသည့် ခရီးသွားပြည်သူများကို ဆုချခြင်း တို့ကို ပြုလုပ်မည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ထားသည့် ယာဉ်ရပ်နားရမည့် နေရာများတွင် စနစ်တကျ ရပ်ထားသည့် ကားများကို ဆုချခြင်း ၊မျဉ်းဝါအံကွက်တွင် သတ်မှတ်ချက်နှင့် အညီ ရပ်နား မောင်းနှင်သည့် ယာဉ်မောင်းများကို အသိအမှတ်ပြု Bonus ပေးမည်ဖြစ်ပြီး ဂုံးကျော်တံတားကို အသုံးပြု ဖြတ်ကူးသည့် ပြည်သူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို တချို့က မသိလို့ ချိုးဖောက်တာရှိတယ်။ တချို့က သိရက်နဲ့ ချိုးဖောက်တဲ့ သူတွေလဲ ရှိပါတယ်။ ဒါကြောင့် မသိတဲ့ သူတွေကိုလဲ သိရှိအောင် ပြောကြားမယ်၊ဆွေးနွေးမယ်၊ ပညာပေးမယ်။အဲ့လို ပညာပေးရဲ့ သားနဲ့ စည်းကမ်းကို မလိုက်နာဘူးဆိုရင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊အမှတ် ၇ ယာဉ်ထိန်းရဲ (ရန်ကုန် အနောက်) ဒု-တပ်ဖွဲ့ခွဲ မှူး ရဲမှူး မျိုးအောင်မြင့်က ပြောသည်။

ထို့ပြင် ယင်းလှုပ်ရှားမှု၏ နောက်ဆုံးအစီအစဉ်ဖြစ်သော ပြစ်မှုကျူးလွန်သူများအား အရေးယူခြင်းအစီအစဉ်ကို
ယခုလ ၉ရက်မှ ၁၂ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အသက်ကယ်ထိုင်ခုံခါးပတ် မပတ်ခြင်း ၊အရက်သေစာ သောက်စားမောင်းနှင်ခြင်း ၊ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း ၊ယာဉ်မောင်း လိုင်စင်မဲ့ မောင်းနှင်ခြင်း ၊မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း ၊မေးသိုင်းကြိုးမတပ်ခြင်း ၊မော်တော်ဆိုင်ကယ်အား ၂ယောက်ထက်ပို၍ စီးနင်းခြင်း ၊ မော်တော်ဆိုင်ကယ် ဘေးတွဲမောင်းနှင်ခြင်း တို့ကို မော်တော်ယာဉ် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုများကြောင့် နေ့စဉ် ၁၄ ဦးခန့် သေးဆုံးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်ခိုက်မှုများကြောင့် နေ့စဉ် ၁ ဒသမ ၆ ဦး ခန့် သေဆုံးလျက်ရှိကြောင်းသိရသည်။

ယာဉ်တိုက်ခိုက်မှုများတွင် အများဆုံး သေဆုံးသူများမှာ မော်တော်ဆိုင်ကယ် တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် သေဆုံးရသူ အများစုမှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများ ဖြစ်ကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း မလိုက်နာ၍ ၁နှစ်ကို ၁ ဒသမ ၃ သန်းကျော် သေဆုံးနေပြီး
မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ မလိုက်နာမှုကြောင့် ၁နှစ်ကို လူဦးရေ ၅ထောင်ကျော်ခန့် သေဆုံးလျက် ရှိကြောင်းသိရသည်။

Leave a Reply