ပုသိမ်လူထုတွေ့ဆုံပွဲပြုလုပ်ခွင့်ရရေးအစိုးရနှင့်ဆက်လက်ညှိနှိုင်းမည်ဟု ကျောင်းသားတပ်မတော်ခေါင်းဆောင်ပြောဆို

0
198

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ၊ ၂၀၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၏ ပုသိမ်လူထုတွေ့ဆုံပွဲကို ပြီးခဲ့သည့် ဇန်န၀ါရီ ၁၃ရက်နေ့က ပုသိမ်မြို့ တွင်ပြုလုပ်ခဲ့ပြီး ဒေသအာဏာပိုင်များ၏ ဟန့်တားမှုကြောင့် ယာယီ ရပ်ဆိုင်းခဲ့ပြီး ကျင်းပခွင့်ရရှိ ရေးအတွက် အစိုးရနှင့် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ABSDF အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

“ပုသိမ်ကနောက်ဆုံးလုပ်တဲ့လူထုတွေ့ဆုံပွဲပါ ၂၁ရာစု ပင်လုံတတိယ အစည်းအဝေးမတိုင်ခင် ပြန်ပြီးကျင်းပခွင့်ရအောင် ဆက်ပြီး ညှိနှိုင်းနေ ပါတယ်။ ဒေသအစိုးရအနေနဲ့ နားလည်မှုလွဲတယ်လို့ပဲထင်ပါတယ်”ဟု ရဲဘော်ဆန်နီကပြောသည်။

ABSDFအနေဖြင့် လူထုတွေ့ဆုံပွဲများကို ရန်ကုန် ၊ထားဝယ်၊ ကျောက်ဆည်၊ စစ်ကိုင်း ၊ မုံရွာ ၊ မကွေး နှင့် ပဲခူးမြို့တို့ တွင်ပြုလုပ်ခဲ့ပြီး ပဲခူးမြို့တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် တပ်မတော်နှင့် ဒေသအာဏာပိုင်များ၏ ဟန့်တားမှုရှိ ခဲ့သော်လည်း တစ်ရက်ခွဲကြာ ပြုလုပ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

“NCAစာချုပ်ပါအချက်ကြောင့် လူထုတွေ့ဆုံပွဲလုပ်ခွင့်ရှိပါတယ်။ ဒါကို နားလည်မှုလွဲတယ်လို့သဘောထားပါတယ်။ ပင်လုံညီလာခံမှာ လူထုရဲ့အသံတွေ အကြံတွေ သဘောထားတွေကိုပါဝင်လာဖို့ရယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာလူထုရဲ့ ပါ ၀င်မှုပိုပြီး အားကောင်းလာဖို့ပဲ ရည်ရွယ်ပါတယ်။ PPSTခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးအပေါ် ထားတဲ့မူဝါဒသဘောထား တွေကိုချပြဖို့ရည်ရွယ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSဦးဆောင်သည့် ရှမ်းပြည်နယ်အတွင်းမြို့နယ်၁၄ခုတွင် လူထုတွေ့ဆုံပွဲ များနှင့် ရှမ်းအမျိုးသားအဆင့် အကြိုနိုင်ငံရေးတွေ့ဆုံပွဲကိုလားရှိုး၊ပင်လုံ ၊ တာချီလိတ်နှင့်တောင်ကြီးမြို့တွင်ကျင်းပမှုကို တပ်မတော်မှ တားဆီးခဲ့သည်။

ယင်းသို့ဟန့် တားမှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် လင်းခေးမြို့တွင်ပြုလုပ်မည့် ရှမ်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းကြောင်း RCSSက သတင်းထုတ်ပြန်ခဲ့သည်။

NCAလက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့PPST၏ အရေးပေါ်အစည်းအဝေးကို ဇန်န၀ါရီ ၁၁ရက်နှင့် ၁၂ရက်နေ့များတွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီးတွင် နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ (တတိယ အစည်းအဝေး)ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

ကိုဥာဏ်

Leave a Reply