“အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား လက်ခုပ်သံရရုံ မလုပ်သင့်ဘဲ အမြစ်ပြတ်ချေမှုန်းသင့်” ဟု လွှတ်တော်တွင် အမတ်ပြော

0
148

မေ ၁၀
ယဉ်ကေနွယ်

အဂတိလိုက်စားမှုတိုက်ဖျက်နေသည့် အပေါ် လက်ခုပ်သံရယုံဖြင့် ရည်ရွယ်ပြီး မလုပ်ဆောင်သင့် ဟု စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၅ မှ ဦးရဲထွဋ်က ယမန်နေ့ကပြည်ထောင်စုလွှတ်တော်တွင် ထောက်ပြပြောဆိုလိုက်သည်။

“ဒီကော်မရှင်ဟာ အစိုးရသစ်လက်ထက် အသစ်ဖွဲ့တဲ့ ကော်မရှင်မှာ တော်တော်လေးကို ထိထိရောက်ရောက်လုပ်နိုင်တဲ့ အတွက် ပြည်သူတွေအားလုံးကလည်း သဘောကျတယ်။လက်ခုပ်တီးကြတယ်။လက်ခုပ်သံရယုံနဲ့ ရည်ရွယ်ပြီး မလုပ်သင့်ပါဘူး။အဂတိလိုက်စားမှုကို အမြစ်ဖြတ်ချေမှုန်းသင့်ပါတယ်”ဟု ဦးရဲထွဋ်ကပြောသည်။

မေ ၉ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ဆွေးနွေးရာတွင် ဦးရဲထွဋ်မှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဂတိလိုက်စားမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် အားလုံး သိမ်းဆည်းနိုင်မည်ဆိုပါက သိမ်းဆည်းနိုင်မည့် အလားအလာကောင်းများရှိကြောင်း ၎င်းကပြောသည်။

အစီရင်ခံစာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်နေသော်လည်း လျော့ပါးသွားခြင်းမရှိကြောင်း၊ ထို့ပြင် အရေးယူထားမှု တွင်လည်း ၄၆ မှုသာရှိသည့် အတွက် အလွန်နည်းပါးကြောင်း ဦးရဲထွဋ်ကထောက်ပြပြောဆိုခဲ့သည်။

“ကိုယ့်ဌာနမှာ အဂတိလိုက်စားမှု ကျူးလွန်နိုင်တဲ့ ဂယ်ပေါက်တွေ ယိုပေါက်တွေကို သူတို့တွေ အသိဆုံးပါ။ဘယ်နေရာမှာ ဘယ်လို အဂတိတရားဖြစ်ပေါ်နိုင်တယ်ဆိုတာ သိတယ်။ တကယ်လို့သာ အဲ့ဌာနတွေ အားလုံးက အဂတိလိုက်စားမှုကို တာဝန်သိသိနဲ့ အရင်ကတည်းက လုပ်ခဲ့ရင် ဒီကော်မရှင်တောင် ဖွဲ့စရာ မလိုဘူး”ဟု ၎င်းကပြောသည်။

ထို့အတူ ကော်မရှင်ကိုလည်း လုပ်ပိုင်ခွင့်များ ဒီထက်ပိုပေးသင့် ကြောင်း ၎င်းကပြောကြားခဲ့သည်။

#thefifthwavenews

Leave a Reply