သံလွင်မြစ်ဝှမ်းဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရ

0
179

ရန်ကုန် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ယနေ့ပြုလုပ်သည့် အထက်ပိုင်းနှင့် အလယ်ပိုင်း သံလွင်မြစ်ဝှမ်းဒေသ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက် လာသည့် အရပ်ဖက်အဖွဲ့အစည်းများ၏ အပြင်းအထန်ကန့်ကွက်မှု များကိုကြုံတွေ့ခဲ့ရသည်။

မြန်မာနိုင်ငံ၏ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် (SEA) အတွက်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအတွင်း ရေကာတာအလိုမရှိ ( NO DAM ) ဆိုသည့် စာသားများကို အလုပ်ရုံဆွေးနွေးပွဲအတွင်း ရေဗူးများပေါ်တွင် ကပ်ကာလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည့် အပြင် ဆွေးနွေးချက်များတွင် လည်း ကန့်ကွက်သည့် အချက်အလက်များကိုသာ ဆွေးနွေးခဲ့ကြောင်းသိရသည်။

“ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး တစ်ဦးအမှာစကားပြောတဲ့အထဲမှာ သံလွင်ရေကာတာနဲ့ပတ်သက်ပြီး EIA. SIA လည်း ကောက်နေတယ်။ တည်ဆောက်ရေးအပိုင်းတွေလည်း လုပ်နေတယ်ဆိုတဲ့ စကားပါလာတယ်။ ဒီလိုလုပ်လို့မရဘူးလို့ ပြောတော့ စကားပြောပြီးပြီးချင်းပြန်သွားတယ်။ ဆက်ပြောဖို့ တားတာတောင် မရတော့ဘူး။ “ ဟု အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်းဝါနု က ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားများ အတွက် ထိခိုက်မှုများ ရှိနိုင်သည့်အတွက် အဆိုပါရေကာတာစီမံကိန်းများကို ဒေသခံများက အပြင်းအထန် ကန့်ကွက်နေခြင်းဖြစ်သည်။

ရေကာတာတည်ဆောက်ရေးစီမံကိန်းများသည် ဒေသခံတိုင်းရင်းသား များအတွက် သာမကဘဲ နိုင်ငံတော်အတွက်လည်း အကျိုးမရှိဟု ဆိုသောကြောင့် လယ်သမားများနှင့် ဒေသခံတစ်ထောင်ခန့်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တန့်ယန်းမြို့နယ်အတွင်း ဆန္ဒပြခဲ့ကြသေးသည်။

ယခုပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲသည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းအဖွဲ့ ( IFC ) အဖွဲ့နှင့် ပြည်နယ်အစိုးရ အဖွဲ့တို့က ဦးဆောင်ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဖိတ်ကြားကာ ရေကာတာစီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းမှုကို တင်ပြခဲ့သော်လည်း အဖွဲ့အစည်းများက အပြင်းအထန်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ သူတို့ဒီနေ့ရှင်းပြတဲ့အထဲမှာ သံလွင်မြစ်ဝှမ်းမှာနေတဲ့ တိုင်းရင်းသားတွေ ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ မပါဘူး။ နောက်ပြီးတော့ ရေကာတာတည်ဆောက်ဖို့ကို သံလွင်မြစ်ဝှမ်းမှာနေထိုင် ကြတဲ့ တိုင်းရင်းသားတွေကို အသိမပေးဘူး။ အဲဒါတွေကြောင့် ဒီစီမံကိန်းကို လုံးဝကန့်ကွက်တယ်။” ဟု ရှမ်းပြည်နယ်အတွင်းရှိ မြစ်ချောင်းများအတွက် လှုပ်ရှားနေသည့် ကွန်ယက်မှ စိုင်းခေးဆိုင် က ပြောသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် IFC အဖွဲ့က ပြုလုပ်သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ၊ ကချင်နိုင်ငံရေးပါတီများ၏ ကန့်ကွက်မှုများကို လည်း ကြုံဆုံခဲ့ရသည်။

ရေအားလျပ်စစ်ထုတ်လုပ်ရန်အတွက် သံလွင်မြစ်ပေါ်တွင် ရေကာတာ စီမံကိန်း ငါးခုတည်ဆောက်ရန် ပြင်ဆင်နေပြီး ယင်းငါးခုတွင် ရှမ်းပြည်နယ်အတွင်း သုံးခု၊ ကယားနှင့် ကရင်ပြည်တို့တွင် တစ်ခုစီပါဝင်နေသည်။

ယင်းစီမံကိန်းများအတွက် တိုင်းရင်းသားဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသည့်သူများက အပြင်းအထန်းကန့်ကွက်နေခြင်းလည်း ဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply