အမေရိကန်သွင်းကုန်တွေကို တရုတ်က အကောက်ခွန်တိုးကောက်ပြီး အမေရိကန်ရဲ့အခွန်နှုန်းထားတိုးမြှင့်မှုကိုတုံ့ပြန်

0
15

မေ ၁၄
နိုင်ငံတကာသတင်း

ဇွန် ၁ ရက်ကစပြီး အမေရိကန်သွင်းကုန်ဒေါ်လာဘီလီယံ ၆၀ ဖိုးလောက်ကို အကောက်ခွန်ပြန်တိုးကောက်သွားမယ်လို့ တရုတ်က တနင်္လာနေ့မှာထုတ်ပြန်လိုက်ပြီး အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကို ပိုကျယ်ပြန့်လာအောင် ဖန်တီးလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ တရုတ်သွင်းကုန်ဒေါ်လာဘီလီယံ ၂၀၀ ဖိုးလောက်ကို အမေရိကန်က အခွန် ၂ ဆခွဲတိုးကောက်ခဲ့ပြီးတဲ့နောက် တရုတ်က အခုလိုတုံ့ပြန်လိုက်တာပါ။

တင်းမာမှုတွေမြင့်တက်လာလို့ စတော့ရှယ်ယာဈေးကွက်မှာလည်း ဈေးနှုန်းတွေထိုးကျခဲ့ပြီး ဒေါဂျုန်းစ်စက်မှုရှယ်ယာအညွှန်းကိန်းက အမှတ် ၆၀၀ ကျဆင်းခဲ့ပါတယ်။

တရုတ်အနေနဲ့ အကောက်ခွန်တွေထပ်မတိုးဖို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က သတိပေးခဲ့ပေမဲ့ အကျိုးစီးပွားကိုထိခိုက်မယ့်အခါးသီးတွေကို မြိုမချဘူးလို့ တရုတ်ဘက်က ပြောထားပါတယ်။

တရုတ်ရဲ့အခုအကောက်ခွန်တိုးကောက်မှုတွေမှာ အမေရိကန်ထုတ်ကုန် ၅၀၀၀ ကျော်ပါဝင်ပြီး အခွန် ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိတိုးကောက်သွားမှာပါ။

အခွန်တိုးကောက်ခံရမယ့်ပစ္စည်းတွေထဲမှာ အမဲသား၊ သိုးသားနဲ့ ၀က်သားသာမက ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ သစ်သီးဖျော်ရည်၊ ဟင်းချက်ဆီ၊ လက်ဖက်ရည်နဲ့ ကော်ဖီတွေပါဝင်ပါတယ်။

နိုင်ငံခြားဖိအားတွေကို တရုတ်က လက်မြှောက်အရှုံးပေးသွားမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဂျန်းရွှမ်းကပြောပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့တုန်းက ၁၀ ကြိမ်မြောက်အမေရိကန်-တရုတ်ကုန်သွယ်ရေးညှိနှိုင်းအစည်းအဝေးတွေကလည်း အပေးအယူတစ်ခုမှမလုပ်နိုင်ဘဲ အဆုံးသတ်ခဲ့ပါတယ်။

တရုတ်က အမေရိကန်နဲ့ကုန်သွယ်ရာမှာ အမြတ်ထွက်နေတာက တရုတ်ကုမ္ပဏီတွေကို နိုင်ငံတော်က ထောက်ပံ့ပေးနေတာအပါအ၀င် မမျှတတဲ့အလေ့အကျင့်တွေကျင့်သုံးနေလို့ အမေရိကန်က အပြစ်တင်ပါတယ်။

အမေရိကန်လုပ်ငန်းတွေက ဥာဏပစ္စည်းပိုင်ဆိုင်မှုတွေကို တရုတ်က ခိုးယူနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

သောကြာနေ့က အခွန်ထပ်တိုးကောက်ရုံသာမက တန်ဖိုးဒေါ်လာ ၃၂၅ ဘီလီယံလောက်ရှိနိုင်တဲ့ ကျန်နေတဲ့တရုတ်သွင်းကုန်အားလုံးကို လိုအပ်ရင် အခွန်ထပ်တိုးကောက်ဖို့ လုပ်ငန်းစဉ်တွေစထားဖို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ညွှန်ကြားထားပါတယ်။

ထပ်တိုးကောက်ဖို့ဆုံးဖြတ်ချက်ကတော့ မသေချာသေးဘူးလို့ ထရမ့်က တနင်္လာနေ့မှာပြောပါတယ်။

သောကြာနေ့မှာ သဘောတူညီချက်မရပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးကောင်းနေသေးတယ်လို့ ထရမ့်ကပြောပါတယ်။

လာမယ့်လမှာကျင်းပမယ့် G-20ထိပ်သီးအစည်းအဝေးမှာ သူနဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့တွေ့ဆုံမယ်လို့ ထရမ့်က တနင်္လာနေ့မှာကြေညာခဲ့ပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews
Photo-Stock Image

Leave a Reply