ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကားများကို ဒေသခံများ တားဆီးမှုရပ်တန့်၊ ဝန်ကြီးချုပ်လာရောက်တွေ့ဆုံမည်ကို စောင့်ဆိုင်း

0
38

မေ ၁၅
နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းမှ ကားများကို ဒေသခံများတားဆီးမှု ရပ်တန့်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်တွေ့ဆုံမည်ကို စောင့်ဆိုင်းနေကြောင်း ဒေသခံများထံက သိရသည် ။

လမ်းပိတ် တားဆီးမှုကို မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေသခံများအနေဖြင့် အောင်သပြေကျေးရွာ အဝင်လမ်းတွင် စောင့်ဆိုင်းအိပ်နေစဉ် နံနက် ၄ နာရီကျော်အချိန်ခန့်က ရဲတပ်ဖွဲ့ က သေနတ်များပစ်ဖောက်ဝင်ရောက်ခဲ့သည့်အတွက် ဒေသခံ (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည် ။

ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားရာမှ ရုဏ်းရင်ဆန်ခတ်ဖြစ်ကာ ဆိုင်ကယ်နှစ်စီး မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များကမီးငြိမ်းသတ်ရန် လာရောက်ခဲ့ကာ ဒေသခံများက မီသတ်တပ်ဖွဲ့များကို တားဆီးခဲ့သည် ။

မီးလောင်မှုကြောင့် မာစီးဒီးအမျိုးအစား ကားတစ်စီးအပါအဝင် ကား (၂) စီး၊ ဆိုင်ကယ် (၇) စီး တို့ကို မီးလောင်သွားပြီး စက်ရုံသုံး ဘတ်ဟိုး (၁) စီး မှန်များကွဲခြင်း ၊ ဝန်ထမ်းအိမ်ရာ မှန်များကွဲခြင်းတို့ ဖြစ်ခဲ့သည် ။ ထို့နောက် အမှတ် (၃) လုံခြုံရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းဗိုလ် နှင့် တာဝန်ရှိသူများက ဒေသခံများနှင့် ညှိနှိုင်းပြီး ပိတ်ဆို့ထားသည်များကို ဖယ်ရှားရှင်းလင်းခဲ့သည် ။

“ဝန်ကြီးချုပ်က ရွာကိုလာမယ်ဆိုလို့ ကျွန်တော်တို့က စောင့်နေတာပါ ။ ခုတော့ ဘာမှ မဖြစ်တော့ဘူး ” ဟု ဒေသခံတောင်သူ ဦးကျော်ဇေယျ က ပြောသည် ။

ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ အင်အား (၂၀၀) ကျော် စီမံကိန်းအတွင်း လုံခြုံရေးယူထားပြီး အလုပ်သမားအချို့ နှင့် စီမံကိန်းသုံး ကားများ စီမံကိန်းအတွင်းမှ ထွက်ခွာသွားပြီဖြစ်သည် ။

မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည် ။

ယင်းကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံအဝင်လမ်းအတွက် ရွာအဝင်လမ်းရှိ ကျွန်းပင် ၃၇၀ ကျော် နှင့် အခြားအပင် ၇၀၀ ကျော် ခုတ်လှဲဖျက်စီးခြင်းများရှိကြောင်း သိရသည် ။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာများနှင့် ကန့်ကွက်စာများကို အကြိမ်ကြိမ်တင်ပြခဲ့သော်လည်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည် ။

စီမံကိန်းပြုလုပ်မည့်ဧရိယာသည် အောင်သပြေ ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက် တကာ၊တောင်ကန်၊ပြည်သာယာ စသည့်ကျေးရွာများနှင့်ထိစပ် လျက်ရှိသည် ။

Leave a Reply