တပ်မတော်မှစွဲဆိုထားသည့်အမှုများရုပ်သိမ်းပေးရန် Blue Shirt Campaign ပြုလုပ်မည်

0
67

မေ ၁၆
ကိုလူသစ်

တပ်မတော်မှ တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုမှုအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများက Blue Shirt Campaign ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း Blue Shirt Campaign ကမ်ပိန်းကို မေ ၁၇ရက်တွင် ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး မည့် ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ကိုပိုင်ဖြိုးမင်း ၊ကိုပိုင်ရဲသူ ၊ ကိုဖိုးသား၊ မကေခိုင်ထွန်း နှင့် မဆုရတနာမြင့်၊ ကိုချစ်ယုံတို့၏ ရုံးချိန်းတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ Blue Shirt Campaign ကမ်ပိန်းနှင့်ပတ်သက်၍ အသံအဖွဲ့ ဒါရိုက်တာကိုဆောင်းခအား ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍မရဖြစ်နေသည်။

တပ်မတော်အနေဖြင့် လက်ရှိတွင် သတင်းဌာနအချို့အပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များ၊ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်အပါအ၀င် ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)၊ဇွဲအ ငြိမ့်အဖွဲ့တို့ကို ဆက်သွယ်ရေးဥပဒေ၊အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် အသီးသီး တရားစွဲဆိုထားကြောင်း သိရသည်။

ယင်းသို့ တပ်မတော်မှတရားစွဲထားသည့်အမှုများနှင့်ပတ်သက်၍ ရုပ်သိမ်းပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၀ ကျော်က မေ ၁၄ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အိတ်ဖွင့်ပေးစာပေးပို့ထားမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားပြန်လည်အကြောင်းပြန် မှုကိုမူ ၃ရက်ခန့် စောင့်ဆိုင်းသွားမည်ဟု အသံအဖွဲ့ဒါရိုက်တာ မောင်ဆောင်းခက ပြောကြားထားသည်။

ထို့ပြင် တပ်မတော်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် ဧရာဝတီသတင်းဌာန Website တွင် ဖော်ပြခဲ့သော “သတင်းထောက်တစ်ဦး၏ မြောက်ဦးမှတ်တမ်း” ဆောင်းပါးနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာန၏ အကြီးတန်းအယ်ဒီတာ တစ်ဦးဖြစ်သူကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ကျောက်တံတား ရဲစခန်းတွင်လည်းကောင်း၊ မေလ(၁)ရက်တွင် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) ၏ အယ်ဒီတာချုပ်နှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊သတင်းတပ်ဖွဲ့ (SB) မှ မတရားအသင်း အက်ဥပဒေ ပုဒ်မ(၁၇/၂) ဖြင့် စစ်တွေမြို့အမှတ် (၁) ရဲစခန်းတွင်လည်းကောင်း၊ မေလ(၁၅)ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာတွင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် သတင်းယူနေသည့် Channel Mandalay News Agency မှ သတင်းထောက် နန္ဒ(တစ်ကိုယ်တော်) အား ပုသိမ်ကြီး မြို့မရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း တို့ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၄င်းတရားစွဲဆိုမှုများကို တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ပြန်လည်သုံးသပ်ပေးရန်နှင့်သတင်းမီဒီယာဥပဒေဖြင့်သာတရားစွဲဆိုရန် တိုက် တွန်းထားကြောင်းသိရသည်။

Leave a Reply