ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်ဆန္ဒပြမှု မပြုလုပ်ရန် ဘော်လခဲတွင် ဒေသန္တရအမိန့် ထုတ်ပြန်

0
99

မေ ၁၆
ကျော်သူမြင့်

ကယားပြည်နယ်၊ ဘော်လခဲမြို့တွင်ထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သတ်သည့် ကန့်ကွက် ဆန္ဒပြမှုများ မပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့်ကို မေလ ၁၄ ရက်က ထုတ်ပြန် ခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သတ်၍ ကန့်ကွက်ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး အများပြည် သူ စိတ်ငြိုငြင်မှုနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေလျှက်ရှိသောကြောင့် ဆန္ဒထုတ်ဖော်မှုများ မပြုလုပ် ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအမိန့်ကို လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈ အရ သော်လည်းကောင်း တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း အရေးယူမည်ဟု အဆိုပါ ဒေသန္တရအမိန့်တွင် ပါရှိသည်။

“ကျွန်တော်တို့ မနေ့က အဲ့တာကိုတွေ့တယ်။ ဒါက ဆန္ဒထုတ်ဖော်တာ မလုပ်ဖို့ အရေးပေါ်အခြေ အနေတစ်ရပ်လို ထုတ်ပြန်တာဖြစ်တယ်။ ကျွန်တော်တို့ အပေါ်မှာ စိုးရိမ်မှုလွန်ကဲနေတဲ့ အနေအ ထားရှိတယ်လို့ သတ်မှတ်ရမယ်”ဟု ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခွန်သောမတ်စ်က ပြောသည်။

လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို က ရင်နီလူငယ်များက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများ ဖြစ်ပေါ်မှုများရှိခဲ့ သည်။

ကရင်နီလူငယ်များက သပိတ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ ပြည်နယ်အစိုးရနှင့် ဆွေးနွေးမှုရှိခဲ့ သော်လည်း ပြည်နယ်ဝန်ကြီးချုပ်က ကြေးရုပ်ရွှေ့ပြောင်းမပေးနှိင်ဟု ပြောဆိုခဲ့မှုကြောင့် မေလ ၁၄ ရက်တွင် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။

“ဆန္ဒထုတ်ဖော်ခြင်း၊ မဖော်ခြင်းက ကျွန်တော်တို့အပိုင်း ဒီလိုထုတ်ပြန်တာ ဘာသဘောလဲ ဆန္ဒ ထုတ်ဖော်တာ ကျွန်တော်တို့ရဲ့ အခွင့်အရေးဖြစ်တယ်။ ဒီလိုကျော်လွန်လုပ်တာတော့ မကောင်းဘူး” ဟု ခွန်သောမတ်စ်က ပြောသည်။

ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီအား ဖျက်သိမ်းလိုက်ပြီးနောက် ကရင်နီလူထုတစ်ရပ် လုံးပါဝင်သည့် အင်အားဖြင့် ကြေးရုပ်ရွှေ့ပြောင်းရေးကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က သပိတ်ကော်မတီကိုလဲ ဖျက်သိမ်းလိုက်ပြီ ကရင်နီလူထုတစ်ရပ်လုံးက ရွှေ့ပြောင်းဖို့ ဆန္ဒရှိနေတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်အားနဲ့ပဲ ဆက်လုပ်သွားမယ်”ဟု ၎င်းကပြောသည်။

ကန္ဒာဟေဝန်ပန်းခြံရှိ ကြေးရုပ်အနီးတွင် လုံခြုံရေးအင်အားကို ပိုမိုတိုးမြှင့်ချထားကြောင်း သိရသည်။

“ကြေးရုပ်နားမှာတင် လုံခြုံရေးရဲတပ်သားတွေ တင်းကျပ်ထားတာမဟုတ်ဘူး။ လွိုင်ကော်မြို့ထဲမှာ တောင် လုံခြုံရေးပိုချထားတာတွေ့တယ်”ဟု ခွန်သောမတ်စ်က ပြောသည်။

လွိုင်ကော်တွင် ထားရှိသည့် ကြေးရုပ်အား မထားရှိရန်နှင့် ရွှေ့ပြောင်းရန် ကန့်ကွက်ဆန္ဒထုတ်ဖော် ခြင်း၊ ကန့်ကွက်စာဖြန့်ဝေခြင်းနှင့် လူထုစစ်တမ်းကောက်ယူခဲ့သည့် ကရင်နီလူငယ်များကို ငြိမ်းစုစီ ဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများရှိခဲ့သည်။

Leave a Reply