ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာရာအိမ်မှူးကို AA နှင့်ဆက်စပ်တယ်ဆိုပြီး တပ်မတော်ကဖမ်းဆီး

0
64

မေ ၁၇
ညိုမှိုင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ရာအိမ်မှူး ဦးသိန်းစောအောင်အား မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းက AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်းသိရသည်။

အဆိုပါကျေးရွာရာအိမ်မှူးအား ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းမှာ ၎င်းနေအိမ်သို့ တပ်မတော်မှ ဝင်ရောက်ရှာဖွေခဲ့ရာ ခေါက်ဆွဲခြောက်များ၊ ရေသန့်များ၊ ဆီပုံးများ၊ ဓါတ်ဆားထုတ်များ၊ ထမင်းခြောက်များကိုတွေ့ရှိသည့်အတွက် ဖမ်းဆီသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုများကပြောသည်။

“သူတို့က ကျွန်မတို့အိမ်ကိုလာပြီးတော့ဝိုင်းတယ်။ ကျွန်မတို့မှာက အိမ်မှာဈေးဆိုင်ရောင်းတယ်။ အဲ့ဒီမှာ ရောင်းနေတဲ့ဆိုင်ဝန်တွေရှိပါတယ်။ ဒါတွေကို AA အတွက် ရိက္ခာတွေဆိုပြီးတော့ ဖမ်းဆီးသွားတာပါ။ အဲ့ဒီပစ္စည်းတွေနဲ့ ကျွန်မယောက်ျားကို ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ခေါ်သွားတာ။ အခုထိသတင်းမရသေးဘူး”ဟု ဇနီးသည် ဒေါ်မိုးမိုးရိကပြောသည်။

ယင်းပစ္စည်းများမှာ နေအိမ်ဈေးဆိုင်တွင်ရောင်းချနေသည့် စားကုန်၊ရောင်းကုန်ပစ္စည်းများဖြစ်ပြီး ထမင်းခြောက်များမှာ လည်း ကျေးရွာအတွင်းအရက်မရောင်းချရန် တားမြစ်လိုက်သည့်အတွက် အရက်ချက်လုပ်ရန်ပြုလုပ်ထားသည့် ထမင်းများအား အခြောက်လှန်းထားကြခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့က အဲ့ဒီရွာမှာ စစ်ဆေးရှာဖွေမှုတွေ လုပ်တဲ့အခါမှာ သူ့ကိုသက်သေခံမစ္စည်းတွေနဲ့အတူဖမ်းဆီးခဲ့တာပါ။ အခုသူ့ကိုစစ်ဆေးနေပါတယ်။ မကြာခင်မှာ သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ထမင်းခြောက်ကတော့ ရောင်းကုန်မဟုတ်ဘူးဆိုတာ သေချာတာပေါ့။”ဟု တပ်မတော်သတင်းမှန် ပြန်ကြးရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရွှေပြည်ကျေးရွာအနီး ကုလားတန်မြစ်ကြောင်းအထက်ပိုင်းရှိ မျောက်တောင်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ကျေးရွာများအား ဝင်ရောက်ကာ တပ်မတော်မှ ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်သည်

Leave a Reply