ရန်ကုန်မြို့ပတ် ယာဉ်လိုင်းသစ်တစ်ခု ယခုလအတွင်း ပြေးဆွဲမည်

0
34

မေ ၁၇
ဝေဝေဖြိုး

အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ စတင်မည့် ရန်ကုန်မြို့ပတ် ယာဉ်လိုင်းသစ် တစ်ခုကို ယခုလအတွင်း စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

“ဒီလထဲမှာ စတင်ပြီးတော့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ယာဉ်လိုင်းနံပါတ် ပေးထားတာ မရှိသေးပါဘူး။ ရန်ကုန်မြို့ပတ် ယာဉ်လိုင်းလို့ပဲ သတ်မှတ်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

အဆိုပါ ရန်ကုန်မြို့ပတ် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းသစ်ကို ယာဉ်အစီးရေ ၃၉ စီးဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး City Transit ကုမ္ပဏီက Scania City Bus ခေတ်မီကားသစ်များ တင်သွင်း၍ YRTA ကြီးကြပ်မှုဖြင့် မကြာမီတွင် စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရသည်။

ယာဉ်လိုင်းသစ် ခရီးစဉ် (၁) တွင် ဂိတ်အစအဖြစ် အောင်မင်္ဂလာ အဝေးပြေးမှ အမှတ် (၃) လမ်းမကြီးအတိုင်း (၆) ကွေ့ – ပါရမီလမ်း – သံသုမာလမ်း – စံပြဈေး – သံသုမာလမ်း (သုဝဏ္ဏ) – ကြက်ဘဲဈေး – ဗိုလ်တထောင်ဘုရားလမ်း – ကမ်းနားလမ်း – ဘုရင့်နောင်လမ်းဆုံ – သမိုင်းလမ်းဆုံ – (၈) မိုင် – ကမ္ဘာအေးဘုရားလမ်းမှ အောင်မင်္ဂလာ အဝေးပြေးတွင် ဂိတ်ဆုံးမည် ဖြစ်သည်။

ယာဉ်လိုင်းသစ် ခရီးစဉ် အစ အဆုံးအတွက် ယာဉ်စီးခနှုန်းထားကို ငွေကျပ် ၅၀၀ ကောက်ခံသွားမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်မှုကို ယခင် မထသစနစ်မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် YBS (Yangon Bus System) သို့ ပြောင်းလဲခဲ့ကာ ယာဉ်အစီးရေ ၂၉၀၀ ကျော်ဖြင့် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ စတင်ပြေးဆွဲစဉ်က ယာဉ်လိုင်းကြောင်း ၆၆ ကြောင်းရှိပြီး ယာဉ်အများစုမှာ ပုဂ္ဂလိကပိုင် ယာဉ်များဖြစ်ကာ နောက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရမှ ယာဉ်အစီးရေ ၁၀၀ အထိ ရင်းနှီးမြှုပ်နှံ တိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း YBS ယာဉ်လိုင်း ၁၀၀ မှ ယာဉ်လမ်းကြောင်း ၁၂၃ ကြောင်းဖြင့် တစ်ရက်လျှင် ယာဉ်အစီးရေ ၄၃၀၀ ကျော် ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply