AA နှင့်ပတ်သက်သည့် အထောက်အထားများတွေ့ရှိသောကြောင့် ကျေးရွာတာဝန်ခံတစ်ဦးအား ဖမ်းစီးအရေးယူထား ဟု တပ်မတော် ထုတ်ပြန်

0
71

မေ ၁၇
ပဉ္စမလှိုင်း

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်နေသူကျေးရွာတာဝန်ခံတစ်ဦး အား တရားဥပဒေ အရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော်က ယနေ့တွင်သတင်းထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်း AA အကြမ်းဖက်သောင်းကျန်း သူများ အရပ်သားအသွင်ဖြင့် ပုံဖျက်စိမ့်ဝင်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များသည် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးလိုက်ပါလျက် မေ ၁၆ ရက်နံနက်ပိုင်းတွင် ရှောင်တခင် ၀င်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးစဉ် ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်(ဘ) ဦးအောင်ထွန်းစိန်သည် ၎င်း၏နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူ နေသည်ကိုတွေ့ ရှိသဖြင့် ဖုန်းအားစစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ် နေသည့် ဓာတ်ပုံအထောက်အထားအချို့နှင့် နေအိမ်အတွင်းမှ ထုပ်ပိုးထားသော ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာများ၊ ဓာတ်ဆားထုပ်များနှင့် အခြားစားသောက်ကုန်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများမရှိစေရေးအတွက် သတင်းများရယူ ဖော်ထုတ်ပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်နေသူ ဦးသိန်းစိုးအောင်အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply