သတင်းမီဒီယာ အမည်ခံ အလှူခံ သူ (၈) ဦးအား ဖမ်းဆီးအမှုဖွင့်

0
167

မေ ၂၀
နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ကန်ကောက်ရပ်ကွက်တွင် လာရောက်၍ သတင်းမီဒီယာ အမည်ဖြင့် အလှူခံသည့် သူ (၈) ဦးအား ဖမ်းဆီးအမှုဖွင့်ထားကြောင်း ပုသိမ်ကြီးမြို့မ ရဲစခန်း က သိရသည် ။

ကန်ကောက်ရပ်ကွက်တွင်နေထိုင်သည့် ကိုမျိုး (ခ) မင်းအေးဆောင်၏ နေအိမ်သို့ မေလ (၁၉) ရက်နေ့က လာရောက်အလှူခံသည့်သူများသည် သတင်းစုံစမ်းစုဆာင်းဖော်ပြရေးအဖွဲ့ “အမိမြေ´´ က ဟုဆိုကာ လာရောက်အလှူခံခြင်းဖြစ်ကြောင်း သိရသည် ။

“သူတို့က ကားနဲ့ အိမ်ထဲကို မပြောမဆိုနဲ့ ဝင်လာတယ်။နောက်ပြီး လူကြီးတွေကို ဧည့်ခံဖို့ တစ်ဝိုင်းကို နှစ်သိန်းကျမယ်။ သုံးဝိုင်းစာလှူရမယ်တဲ့ ။ကျွန်တော်က သဒ္ဒါသလောက် လှူပါ့မယ်လို့ ပြောလိုက်တယ် ။ ဒါနဲ့ ကျွန်တော်က မသင်္ကာလို့ ရပ်ကွက်လူကြီးတွေ နယ်ထိန်းတွေနဲ့ ဖမ်းလိုက်တယ်။´´ ဟု ကိုမျိုး (ခ) မင်းအေးဆောင် က ပြောသည် ။

ယခင်ကလည်း လိမ်လည်အလှူခံမှုများ မကြာခဏလာရောက်အလှူခံမှုများရှိကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာအမည်ခံ၍ လာရောက်အလှူခံသူများဖြစ်သည့် ဦးအောင်ဆွေမြင့်၊ ဦးမြင့်အောင်၊ ဦးတင့်ဇော်၊ ဦးအောင်ကျော်ထွန်း၊ ဦးမောင်ကြည်၊ ဦးလှမြင့်၊ ဦးမျိုးထွေး နှင့် ဦးဝေလင်းအောင် တို့အား ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် (ပ)၂၅၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ဖြင့်အမှုဖွင့် ဖမ်းဆီးထားသည် ။

Leave a Reply