NLDရပ်ကျေးနာယက အုတ်ဂူ ဖောက်ထွင်းခံရ

0
158

ရန်ကုန် ၊ ဇန်န၀ါရီ – ၁၆ ၊ ၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ရှမ်းတဲကြီး ရပ်/ကျေး နာယက ဦးခင်ဟန်သေဆုံးပြီး ၎င်း၏ အုတ်ဂူသည် ရက်မလည်မှီ ဖောက်ထွင်းခံခဲ့ရကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောသည်။

“ဖြစ်တာက၁၄ရက်နေ့လောက်ကဖြစ်တယ်လို့ထင်ရတယ်ပေါ့။ ဒီနေ့ကအဘဦးခင်ဟန်ရဲ့ရက်လည်နေ့ပေါ့ ။ မနေ့ညက မြို့နယ်ထွေအုပ် တွေရယ်၊ တောင်ဒဂုံရဲစခန်းရယ်၊ ဒဂုံအရှေ့ရဲစခန်းရယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားစစ်တယ်ပေါ့ ။ပစ္စည်း ကတော့ သူပတ်နေကျနာရီ တစ်လုံးတော့ပါသွားတယ်”ဟုဦးညီညီကပြောသည်။

အဆိုပါအုတ်ဂူသို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်း၉နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ပြီး အုတ်ဂူကိုဖောက်ထွင်းကာ အုတ်ခဲများဖြင့်ပြန်စီထားသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။

“ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လုပ်တာလဲဆိုတာတော့မသိဘူး။ NLDပါတီဝင်လည်းဖြစ်နေတော့ ပါတီကိုအငြိုးအတေး ထားပြီး လုပ်တာလား ။ တကယ်ပဲသုံးစွဲစရာမရှိလို့ လုပ်တာလားတော့ မသိသေးဘူး။အရင်ခေတ်ကတော့ ပစ္စည်းဥစ္စာလို ချင်လို့ ဖောက်တာမျိုးကြားဖူးတယ်။ ဒီဘက်ခေတ်မှာတော့မကြားမိဘူး ဒါပထမဆုံးပဲတောင်ထင်တယ်”ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် က ပြောသည်။

အုတ်ဂူဖောက်ထွင်းခံရမှုနှင့် ပတ်သတ်၍ မိသားစုက အမှုဖွင့်လိုသည့် ဆန္ဒမရှိသော်လည်း သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ ၀င်များကို အမှုမှန်ပေါ်ပေါက်စေရန်အတွက် တောင်းဆိုခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

ကိုဥာဏ်

ဓာတ်ပုံ – ​နေလင်္ကာ

Leave a Reply