ဟွာဝေးကုမ္ပဏီကို အမေရိကန် လျှော့တွက်ထားတယ်လို့ ကုမ္ပဏီတည်ထောင်သူ တုံ့ပြန်

0
61

မေ ၂၁
နိုင်ငံတကာသတင်း

ဟွာဝေးကုမ္ပဏီဘက်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားလို့ အမေရိကန်ရဲ့ကုန်သွယ်ရေးကန့်သတ်မှုတွေကို ယာယီဖြေလျော့ပေးတာက အကျိုးသက်ရောက်မှုနည်းနည်းပဲရှိလိမ့်မယ်လို့ ဟွာဝေးနည်းပညာကုမ္ပဏီတည်ထောင်သူ ရန်ကျန်းဖေက တရုတ်အစိုးရပိုင်CCTV ရုပ်သံနဲ့တွေ့ဆုံမေးမြန်းမှုမှာပြောပါတယ်။

ဟွာဝေးရဲ့5Gကွန်ရက်ကိုလည်း အကျိုးသက်ရောက်မှုရှိမှာမဟုတ်သလို လာမယ့် ၂ နှစ် ၃ နှစ်အတွင်း ဘယ်အဖွဲ့အစည်းကမှ ဟွာဝေးရဲ့5Gနည်းပညာကို လိုက်မမှီနိုင်သေးဘူးလို့ ခန့်မှန်းထားနိုင်တဲ့အပြင် အမေရိကန်က ဟွာဝေးကိုလျော့တွက်ထားတယ်လို့လည်း သူကပြောခဲ့တာပါ။

တနင်္ဂနွေနေ့မှာ အမေရိကန်မှာရှိတဲ့ဂူဂယ် က ဟွာဝေးမှာ သူ့ထုတ်ကုန်တွေအသုံးပြုခွင့်ကန့်သတ်မယ်လို့ အတည်ပြုခဲ့ပြီးနောက် အသုံးပြုသူတွေအတွက် အနှောင့်အယှက်တွေတွေ့သွားနိုင်တာကို အနည်းဆုံးဖြစ်စေဖို့ရည်ရွယ်ပြီး ဟွာဝေးအပေါ်ကန့်သတ်ထားတာတွေကို ယာယီဖြေလျော့သွားမယ်လို့ တနင်္လာနေ့မှာ အမေရိကန်အစိုးရက ကြေညာခဲ့ပြီးနောက် ရန်က အခုလိုပြောတာပါ။

ဟွာဝေးနည်းပညာကုမ္ပဏီတွေအနေနဲ့ ရှိနေပြီးသားကွန်ရက်တွေကို ဆက်ထိန်းထားဖို့နဲ့ ရှိနေပြီးသားဟွာဝေးဖုန်းတွေကို ဆော့ဝဲအဆင့်မြှင့်တင်မှုတွေလုပ်နိုင်ဖို့ အမေရိကန်ထုတ်ပစ္စည်းတွေဝယ်ယူခွင့်ပြုသွားဦးမယ်လို့ အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

တယ်လီဖုန်းဆက်သွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ကမ္ဘာ့အကြီးဆုံးဟာ ပစ္စည်းသစ်တွေထုတ်ဖို့ အမေရိကန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေ ၀ယ်ယူခွင့်ကိုတော့ ပိတ်ပင်ခံထားရတုန်းပါ။

အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားတွေကို ဆန့်ကျင်နေတဲ့လှုပ်ရှားမှုတွေမှာ ဟွာဝေးပါဝင်နေလို့ ကန့်သတ်မှုတွေလုပ်ရတာလို့ အမေရိကန်အစိုးရက ပြောထားပါတယ်။

ယာယီဖြေလျော့တာက ဟွာဝေးပစ္စည်းတွေကို မှီခိုနေတဲ့တယ်လီဖုန်းဆက်သွယ်ရေးအော်ပရေတာတွေအတွက် တခြားအစီအစဉ်တွေပြောင်းဖို့ အချိန်ပေးတာလို့ တနင်္လာနေ့က အမေရိကန်စီးကူးဝန်ကြီး ၀ီလ်ဘာ ရော့စ်က ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုခဲ့ပါတယ်။

အတိုချုံးရရင် ယာယီဖြေလျော့မှုက လက်ရှိဟွာဝေးဖုန်းသုံးနေတဲ့လူတွေနဲ့ ကျေးလက်ဒေသမှာကြေးနန်းသုံးအင်တာနက်ကွန်ရက်တွေအတွက် လုပ်ငန်းဆက်လည်ပတ်ခွင့်ပေးတာပါလို့ ရော့စ်ကပြောပါတယ်။

သြဂုတ် ၁၉ ရက်အထိသက်ရောက်မှုရှိမယ့်ယာယီလိုင်စင်အရ ဟွာဝေးရဲ့ထုတ်လုပ်ဖြန့်ချိရေးအပြောင်းအလဲရှိမယ်ဆိုရင် သုံးနေတဲ့လူတွေအတွက် ချက်ချင်းကျယ်ကျယ်ပြန်ပြန်နဲ့ မရည်ရွယ်ထားတဲ့အကျိုးဆက်တွေရှိလာနိုင်တယ်လို့လည်း အကြံပြုထားပါတယ်။

ဟွာဝေးက အမေရိကန်အစိုးရနဲ့ဆန့်ကျင်နေတာ၊ လုပ်ငန်းတွေနဲ့မဟုတ်ဘူးလို့ ရန်ကျန်းဖေကပြောပြီး အမေရိကန်က၀ယ်နေတဲ့ချစ်ပ်ပြားတွေကို ဟွာဝေးကိုယ်တိုင်လုပ်နိုင်စွမ်းရှိပေမဲ့ အမေရိကန်က မ၀ယ်တော့ဘူးဆိုတဲ့သဘောမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ယာယီဖြေလျော့ထားတဲ့ရက် ၉၀ အပြီး ထပ်ပြီးအချိန်ထပ်တိုးပေးရဦးမလားဆိုတာ ခန့်မှန်းတွက်ချက်ရဦးမယ်လို့လည်း အမေရိကန်စီးကူးဝန်ကြီးဌာနကပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးမှာ ဟွာဝေးနဲ့နောက်ထပ်လုပ်ငန်း ၆၈ ခုကို အမေရိကန်ထုတ်ကုန်ပစ္စည်းတွေဝယ်ဖို့မဖြစ်နိုင်တော့သလောက်ဖြစ်သွားတဲ့ ပို့ကုန်အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က အမေရိကန်ကအစိတ်အပိုင်းတွေဝယ်ဖို့ ဟွာဝေးသုံးခဲ့တဲ့ ဒေါ်လာဘီလီယံ ၇၀ မှာ ၁၁ ဘီလီယံက Qualcomm Inc၊ Intel Corpနဲ့ Micron Technology Incတို့က ချစ်ပ်ပြားတွေဝယ်ဖို့သုံးခဲ့တာပါ။

Qualcomm Incနဲ့ Intel Corpတို့ကလည်း ဂူဂယ်ရဲ့လမ်းစဉ်အတိုင်း ဟွာဝေးကိုအရောင်းပိတ်သွားမယ်လို့ ကုမ္ပဏီတွင်းမှာပြောထားတယ်လို့ ကုမ္ပဏီတွင်းသတင်းရင်းမြစ်တွေက ပြောတယ်ဆိုပြီး Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo- China Daily

Leave a Reply