တရုတ်ဝယ်လက်များကြောင့် မြန်မာ့ဆင်ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဝယ်ယူသည့်ဈေးကွက် ဖြစ်လာမည်ကို စိုးရိမ်နေ

0
213

ရန်ကုန်၊ ဇန်နဝါရီ ၁၆၊ ၂၀၁၈

တရုတ်နိုင်ငံတွင် ဆင်စွယ်ရောင်းဝယ်ဖောက်ကားခြင်းကို ပိတ်ပင်လိုက် သောကြောင့် မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများကို ပစ်မှတ်ထား ဝယ်ယူလာနိုင်သောဈေးကွက်တစ်ခုဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာ့ဆင်များကို ကာကွယ်စေင့်ရှောက်ရေးလှုပ်ရှားနေသူများ က ပြောသည်။

မြန်မာနိုင်ငံရှိဆင်များသည် တစ်ပတ်( ခုနှစ်ရက်) လျှင် တစ်ကောင်နှုန်းဖြင့် အမဲလိုက် သတ်ဖြတ်ခံနေရပြီး ဆင်အရေပြား၊ ဆင်အမြီး၊ ဆင်သွားနှင့် ဆင်စွယ်အလှဆင် ဆက်စပ်ပစ္စည်းများကို ရန်ကုန်နှင့်မန္တလေးမြို့ကြီးများ တွင်ရောင်းချလျက်ရှိနေသောကြောင့် တရုတ်နိုင်ငံမှ ဝယ်လက်များ မြန်မာနိုင်ငံသို့ လာရောက်မည်ကို စိုးရိမ်နေကြခြင်းလည်းဖြစ်သည်။

“ ဒီနိုင်ငံမှာ ဆင်ခန္ဓာကိုယ်ကရတဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ ရောင်းဝယ်နေကြတာတွေ မရပ်ဘူးဆိုရင် ရောင်းဝယ်မှုတွေဟာ နယ်စပ်ဒေသတွေ အထိဖြစ်နေအုံးမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေကို မြန်မာနိုင်ငံဟာ တရားမဝင်တောရိုင်း တိရိစ္ဆာန်တွေအတွက် ရောင်းဝယ်ဖောက်ကားတဲ့နေရာ မဟုတ်ဘူးဆိုတာ ရှင်းလင်းအောင် ပြရပါမယ်။” ဟု WWF-Myanmar မှ Conservation Director Mr. Cox က ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာ့ဆင်များ ကာကွယ် စောင့်ရှောက်ရေးအတွက် စုပေါင်းလက်မှတ်ကောက်ယူ သည့် လှုပ်ရှားမှုတွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နှင့် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်နမိတ် ထိစပ်နေသည့် ရွှေတြိဂံဒေသများတွင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် အကြီးအကျယ်ဖြစ်ပေါ်နေပြီး ဆင်အရေပြားများကို ရိုးရာဆေးမြီးတိုများ ဖော်စပ်ရန်ရောင်းဝယ်ဖောက်ကားနေ သကဲ့သို့ အရောင်တင်ပြီး ပုတီး လုံးများနှင့်တွဲစပ်ကာ ကံကောင်းစေသော လက်ကောက်များအဖြစ်အသုံးပြု ရန် အတွက်လည်း ရောင်းဝယ်ဖောက်ကားခြင်းများရှိနေသည် ဟုဆိုသည်။

ထို့အပြင် ဆင်အမြီးကို ငွေလက်စွပ်များအတွင်းသို့ ထည့်ကာ ကံကောင်းစေသော အဆောင်တစ်ခုအဖြစ် အသုံးပြုဝတ်ဆင်နေသော ဈေးကွက်များလည်း ဖြစ်ပေါ်နေသည်။ ဆင်နှင့်ပတ်သက်သည့် ကိုယ်အင်္ဂါအစိတ် အပိုင်းများကို ကျိုက်ထီးရိုးဘုရား၌ပင်တွေ့ရှိနေရသည် ဟုလည်း သိရသည်။

“ ကျွန်မတို့နိုင်ငံမှာ ရှိနေတဲ့ဆင်တွေကို အိမ်နီးချင်တရုတ်နိုင်ငံက ဝယ်လက်တွေက လာဝယ်နေမှာစိုးရိမ်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဆီမှာ ဆင်စွယ်တွေရောင်းဝယ်ဖောက်ကားနေတာကို ပိတ်ပင် လိုက်ပြီ။ ဒါပေမယ့် အိမ်နီးချင်းမြန်မာနိုင်ငံမှာ သတ်ဖြတ်မှုတွေ ရှိနေသေးတယ်ဆိုရင် သူတို့က ဒီနိုင်ငံကိုလာမှာပဲ။ အဲဒီအခါကျရင် ဆင်တွေအတွက်ဈေးကောင်းပေးဝယ်တဲ့အရေးကြောင့် ဒီထက်မက ဆင်တွေဟာ အသတ်ခံရနိုင်ပါတယ်။ အဲဒါကြောင့် စိုးရိမ်နေတာပါ” ဟု WWF- Myanmar မှ အဖွဲ့အစည်းဖွံ့ဖြိုးရေးနှင့် မိတ်ဆက်ဖွဲ့ရေး ညွှန်ကြားရေးမှူး ဒေါ်မေမိုးဝါ က ပြောသည်။

ဆင်များသတ်ဖြတ်ခံနေရခြင်းတွင် ဒေသတွင်းပြုလုပ်သည့် လက်နက်များဖြင့်သာ အမဲလိုက်ခြင်းကြောင့် မသေဆုံးမီတွင်ပင် နာကြင်သည့်ဝေဒနာကို ခံစားနေရကာ သေဆုံးရခြင်းလည်းဖြစ်သည်။ အရွယ်ရောက်ပြီးသား ဆင်များသာမကဘဲ အရွယ်မရောက်သေးသည့် ဆင်များလည်း အမဲလိုက်ခြင်းကို ခံနေရသည်။

“ အမဲဖြတ်တဲ့သူတွေက ဆင်ပေါက်တွေ ဆင်အမ တွေ ကြည့်နေတာ မဟုတ်ဘူး၊ ဆင်တွေ့တာနဲ့ ပါလာတဲ့ လက်နက်တွေနဲ့ ထိုးကြပစ်ကြတာ၊ ပြီးတော့ မသေမချင်းပစ်ထားကြတာ၊ အဲဒီတော့ ဆင်တွေမျိုးပွားဖို့ အတွက်ကိုပါ မရှိသလောက်ဖြစ်သွားတယ်။” ဟု ဒေါ်မေမိုးဝါ က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံရှိဆင်များသည် တစ်ပတ်တစ်ကောင်နှုန်း သတ်ဖြတ် ခံနေရသောကြောင့် နောက် ၁၂ နှစ် ( ၂၀၃၀ ခုနှစ်) အတွင်း မျိုးသုဉ်းမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းလည်း WWF- Myanmar က ခန့်မှန်းတွက်ချက် ထားသည်။

“ အထူးသဖြင့် တိရိစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ရတဲ့ ပစ္စည်းတွေကို ဆေးဝါးဖော်တာတို့ အလှကုန်ပစည်းအတွက် သုံးနေတာတွေကို အစိုးရက ဥပဒေတွေနဲ့ကို ရပ်တန့်ပစ်ရမယ်။ ဒါတွေကို လုပ်နိုင်တာက အာဏာပိုင်အဖွဲ့အစည်းတွေပဲ” ဟု တောရိုင်းတိရိစ္ဆာန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (WCS)မှ တရားမဝင်ရောင်းဝယ် ဖောက်ကားမှု တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှုး ဦးအောင်ကျော် က ပြောသည်။

တောဆင်ရိုင်းများ ကာကွယ်ရေးအတွက် မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES OF MOMOS) အဖွဲ့က ဆင်ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ရောင်းဝယ်အသုံးပြုခြင်းမပြုရန်အတွက် ဆန္ဒကတိပြု လက်မှတ်ရေးထိုး သည့် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်နေပြီး လက်မှတ်တစ်သိန်းရမည်ဟုလည်း ခန့်မှန်းထားသည်။

ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ မြန်မာတောဆင်ရိုင်းများထိန်းသိမ်းစောင့်ရှောက် ရေးစီမံချက် ( MECAP ) အိတ်ဖွင့်ပေးစာအဖြစ်ပေးပို့သွားမည်ဖြစ်ပြီး ယင်းတွင် ပြည်သူများ ထောက်ခံသော လက်မှတ်များကိုပါပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင် ကောက်ယူထားသောစာရင်းများအရ တောဆင်ရိုင်း ၁၄၀၀ နှင့် ၂၀၀၀ ကြားတွင်ရှိပြီး အများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးရိုးမများတွင် အများဆုံးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – holidogtimes.com

Leave a Reply