ညောင်နှစ်ပင် စိုက်/မွေးဇုန်မှ ကုန်ပစ္စည်းများအား ယူနန်နှင့် ရှန်ဟိုင်းသို့ တင်ပို့နိုင်ရန် ဆွေးနွေးနေ

0
52

မေ ၂၂
ဝေဝေဖြိုး

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းမြို့သို့ တင်ပို့နိုင်ရန်အတွက် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုလ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သော ၂၇ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးဆောင်၍ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ကုန်စည်တွေက နယ်စပ်အထိ ရောက်ပြီးမှ မရောင်းရဘူးဆိုပြီး ပြန်သယ်လာဖို့က တော်တော်ခက်ခဲပါတယ်။ ဟိုမှာ သိုလှောင်ထားနိုင်ဖို့ အတွက်လည်း တော်တော် ခက်ခဲပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး ဇုန်ကနေ ထွက်လာတဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာကို တင်ပို့ ရောင်းချနိုင်ဖို့နဲ့ တရုတ်ပြည်ဘက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ဈေးကွက်တစ်ခု ထူထောင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ ရန်ကုန်ကနေ ပါကင်ပိတ်ပြီး တင်ပို့နိုင်သည်အထိ ရောင်းချနိုင်ဖို့ ယူနန်နဲ့ တစ်ဖက်ကလည်း ဆွေးနွေးနေသလို ရှန်ဟိုင်းနဲ့လည်း ဆွေးနွေးနေပါတယ်”ဟု၎င်းကပြောသည်။

မြန်မာ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာနိုင်ရန်နှင့် ဈေးကွက် သေချာနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ဇုန်မှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို နိုင်ငံတကာကို တင်ပို့ ရောင်းချနိုင်ရန်နှင့် တရုတ်ပြည်ဘက်ကို တင်ပို့ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နယ်စပ်ဂိတ်များမှ တဆင့် အရောင်းအ၀ယ် ပြုလုပ်ရာ၌ တစ်ဖက်နိုင်ငံက ၀ယ်သူမရှိသည့် အချိန်မျိုးတွင် သိမ်းထားရန်နေရာ မရှိသည့်အတွက် ရသည့်ဈေးနှုန်းဖြင့် ရောင်းချရခြင်းကြောင့် မြန်မာကုန်သည်များအတွက် ထိခိုက်နစ်နာမှုများ မကြာခဏ ကြုံတွေ့နေရသည် ဟုဆိုသည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း အရောင်းအ၀ယ် ပြုလုပ်ပြီးမှသာ နယ်စပ်ဂိတ်များသို့ ကုန်စည်သယ်သွားနိုင်သည့် အခြေအနေမျိုးကို ပြောင်းလဲနိုင်ရန်အတွက် ရန်ကုန်ဈေးကွက်ကို ပိုမိုတိုးချဲ့လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟုဆိုသည်။

” ကျွန်တော်တို့ဘက်က ထုတ်ကုန်အများစုကို စနစ်တကျ ထုတ်လုပ်နိုင်မယ်ဆိုရင် စားသောက်ကုန်နဲ့ ပတ်သက်ပြီး တရုတ်ပြည်ဈေးကွက်ဟာ လူဦးရေ များပြားလာသော ဈေးကွက်ကြီးဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ နယ်စပ်ချင်းလည်း ထိစပ်နေတာမျိုး ရှိပါတယ်။ ဒီနေရာကို ကားလမ်းတွေကနေတဆင့် border trade လည်း လုပ်နိုင်သလို ရေကြောင်း၊ လေကြောင်းတွေကလည်း တင်ပို့နိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် ရန်ကုန်မှာ ဒီဈေးကွက်ကြီးကို ထူထောင်ပြီး တင်ပို့နိုင်ဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ ရှန်ဟိုင်း ဒုတိယ မြို့တော်ဝန် လာတဲ့အချိန်မှာလည်း ဒီကိစ္စကို ညှိနှိုင်းထားပါတယ်”ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ထိုသို့ supply chain တစ်ခုလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် မျိုးစေ့မှ မြေပြုပြင်တာကအစ စိုက်ပျိုးသည်အထိ သွင်းအားစုများကို သွင်းမည့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကိုပါ စနစ်တကျ ဆောင်ရွက်၍ တရုတ်နိုင်ငံသို့ တင်ပို့သွားရန် စီးပွား/ကူးသန်း ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

ထို့ပြင် တရားမ၀င် ကုန်စည်များသည် ရန်ကုန်ဈေးကွက်မှတဆင့် ပြန်လည် ဖြန့်ချီနေသည့် အခြေအနေမျိုး နောင်တွင် မရှိစေရန်အတွက် တရားမ၀င် ကုန်စည် စီးဆင်းမှုများကိုလည်း ရန်ကုန်တိုင်းအတွင်း တတ်နိုင်သမျှ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply