၆၆ (ဃ) ဖြင့် တရားစွဲခံထားရသည့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြင့် ထပ်မံဦးတိုက်လျှောက်

0
204

မေ ၂၃

နိုင်လင်းဦး

လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်နှင့် တပ်မတော်သားများအပေါ် သိက္ခာကျဆင်းစေမည့် ပုတ်ခတ်ရေးသားမှုများ ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)အား မေလ ၂၃ ရက်နေ့ က အမရပူရမြို့နယ် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထပ်မံဦးတိုက်လျှောက်ခဲ့သည် ။

ယင်းဦးတိုက်လျှောက်ထားမှုကို တရားရုံးက လက်ခံခဲ့ပြီး အမှုတွင် လိုအပ်ချက်များရှိသည့်အတွက် တရားရုံးက ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးရန် ချထားပေးကာ ဇွန်လ (၆) ရက်နေ့တွင် ပြန်လည်စစ်ဆေးရန် ရုံးချိန်းပေးခဲ့သည်။

“တပ်မတော်သားအားလုံးကို သူခိုး ဓါးမြ သူပုန်တွေပဲဆိုတော့ တပ်မတော်သားတွေက နိုင်ငံ့ဝန်ထမ်းပါပဲ ။အဲ့ဒီအခါကျတော့ နိုင်ငံတော်အစိုးရကိုလည်း စော်ကားသလိုဖြစ်တာပေါ့။ ပုဒ်မကတော့ ကိုယ်တို့အလုပ်မဟုတ်ဘူးလေ ။ ကိုယ့်ခံစားချက်နဲ့ ဦးတိုက်လျှောက်လိုက်တယ်။ တရားသူကြီးက ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့်အပိုင်းပါ ” ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော် က ပြောသည် ။

ထို့အပြင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဦးစီးအရာရှိ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း ကတရားလိုလုပ်တရားစွဲဆိုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုတွင် အမှုတွဲမှာ တိုင်းတရားရုံးသို့ရောက်ရှိနေသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။

“တရားလိုကို တပ်ကနေပြီး တရားစွဲဆိုဖို့ ကိုယ်စားလှယ်ပေးတယ်ဆိုတဲ့ ကိုယ်စားလှယ်လွှဲစာရှိပါတယ်။ အဲ့ဒီကိုယ်စားလှယ်လွှဲစာကို ပြီးခဲ့တဲ့ တရားလိုစစ်တဲ့အချိန်က တရားလိုက မေ့ပြီး မတင်ဘူးဆိုပြီး မတင်ခဲ့ပဲ ကျွန်မတို့ တရားလိုစစ်တဲါအချိန်မှာမှ ကိုယ်စားလှယ်လွှဲစာကိုတင်ပါတယ်။ ဒီကိုယ်စားလှယ်လွှဲစာဟာ ဥပဒေအရ အရေးကြီးတဲ့အရာဖြစ်တယ်။ အဲ့ဒီတော့ မိမိရဲ့တာဝန်ကို ပျက်ကွက်တယ်။ နောက်ပြီး ကိုယ်စားလှယ်လွှဲစာဟာ ရှာဖွေပုံစံနဲ့ သွင်းပြီးသိမ်းခဲ့တာမဟုတ်တဲ့အတွက် ဥပဒေနဲ့ မညီဘူးယူဆတယ် ။ ဒါ့ကြောင့် အထက်ရုံးကို တက်ထားတာပါ။” ဟု ဦးသောဘိတ၏ ရှေ့နဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည် ။

ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အား တပ်မတော်နှင့် တပ်မတော်သားများအပေါ် ဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ပြည်သူ့စစ်မှဦးစီးအရာရှိ(ပထမတန်း)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၄၅၈/၂၀၁၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ)ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည် လူမှုကွန်ရက်စာမျက်နှာ၌ စက်တင်ဘာ(၉)ရက်နေ့က “ စေတနာတွေမှန်ကန်ဖို့လိုပါတယ်´´ ခေါင်းစဉ်ဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မြတောင် ကျောင်းတိုက်အတွင်း ဆေးကုနေမှုအား ကိုယ့်အလုပ်ကို လုပ်တာဘဲ သဘာဝကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက လုပ်တာသဘာဝကြပါတယ်။ တပ်ကတောင်းတဲ့ ဘတ်ဂျက်စာရင်းထဲမှာ အဲဒီအတွက်ထည့်တောင်းတာဆိုရင်တော့ နောက်နှစ်တွေမှာ လျော့ပေါ့ ပြီးတောင်းကြပါ။ မယောင်ရာ ဆီမလူးပါနဲ့ ဟုရေးသားခဲ့သည် ။

စက်တင်ဘာ(၁၁)ရက်နေ့ကလည်း တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏နောက်တွင် ခြေအတု တပ်ဆင်ထားသော စစ်မှုထမ်းဟောင်းပုဆိုးဝတ်ပုံအားတင်၍ ပုံ၏အပေါ်တွင် တပ်မတော်က မစွမ်းဘဲခိုးနေတော့ တိုင်းပြည်မွဲတာပေါ့ ဟု ရေးသားခဲ့သည် ။

စက်တင်ဘာ(၁၆)ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ နို့စားနွားမွေးမြူရေးခြံအတွင်းတပ်မတော်၏ မွေးမြူရေးလုပ်ငန်းစစ်ဆေးမှုပုံအား တင်ပြီး ၄င်းပုံ၏ အပေါ်တွင် နွားခြံထဲ နွားဝင်နေသည်ဟုရေးသာခြင်း ၊ ထို့အပြင် ဘားအံထောင်မှ အကျဉ်းသား(၄၆)ယောက်ကိုထောင်ဖောက်ပြီး ဝေးဝေးပြေးနိုင်ရန် စီစဉ်ပေးနေသည်ဟုပြောဆိုခြင်း၊ တာဝန်ရှိသူများအပေါ် ပွင့်လင်းမြင်သာစွာအရေးယူခြင်း/မယူခြင်းကလည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြံစည်မှု ဟုတ်/မဟုတ်နှင့် အကယ်၍ကြံစည်မှုအမှန်ဖြစ်ခဲ့လျှင် ပြည်ထဲရေးကလည်း တပ်ချုပ်အမိန့် မပါဘဲ လုပ်ရဲမည်မဟုတ် ဟု ရေးသားခြင်း၊ တစ်ဆက်တည်းမှာပင် နယ်စပ်ရေးရာ မလုံခြုံခြင်းသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွင် အဓိကတာဝန်ရှိသည်။ ပြည်ထဲရေး မတည်ငြိမ်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွင် အဓိကတာဝန်ရှိသည် ကာကွယ်ရေးစည်းများကျိုးပေါက်နေခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွင် အဓိကတာဝန်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ၄င်းတို့ အုပ်စုကိုယ်တိုင် ရေးဆွဲပြဌာန်းခဲ့သော ၄င်းတာဝန်ကဏ္ဍများတွင် တာဝန်ကျေစွာ ထမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါ။ ၄င်းတို့သည် ပြည်သူမပေးဘဲ ဇွတ်ယူထားသော ၄င်းတာဝန်များကို မကျေပွန်ကြသော်လည်း အမျိုးဘာသာသာသနာ စသော လူပြိန်းကြိုက်စကားလုံးများကိုတော့ တဖွဖွ သုံးစွဲကြလေသည် ဟု ရေးသားခြင်းများ ပြုလုပ်ခဲ့သည် ။

စက်တင်ဘာ(၁၇)ရက်နေ့ ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ စကားပြောစင်မြင့်တွင် မိန့်ခွန်းပြောနေသည့်ပုံအား တင်ပြီး ၄င်းပုံ၏အပေါ်တွင် “သဘာဝဘေးထက် စစ်ဘေးက အဆမတန်ပိုဆိုးတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ပြည်သူတွေအပေါ် တစ်ကယ်စေတနာရှိတယ်ဆိုရင် ပြည်သူတွေမပေးတဲ့ တာဝန်ကိုမယူဘဲ နှစ်(၅၀)ကျော် စစ်ဘေးသင့်ခဲ့ရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာသောအားဖြင့် မူလတာဝန်ရှိရာ စစ်တန်းလျားကိုသာ ပြန်ကြပါ ´´ ဟု ရေးသားခဲ့ခြင်းဖြစ်သည် ။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)အား ကျောင်းတိုက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများ ပြုလုပ်နေသည့်အတွက် ဟုဆိုကာ မဟာဂန္ဓာရုံကျောင်းတိုက်မှ အပပြု (နှင်ထုတ်)ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က မဟာနာယကဆရာတော်များနှင့် နာယကဆရာတော်များ၏ လက်မှတ်ထိုးများဖြင့် ထုတ်ပြန်ခဲ့သည် ။

Leave a Reply