ကျောက်တော်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ကျေးရွာသားနှစ်ဦးထိခိုက်

0
128

မေ ၂၂

ညိုမှိုင်း
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ငှက်ပျောချောင်းကျေးရွာမှ ရွာသားနှစ်ဦးမှာ မေလ ၂၁ ရက်နေ့နေ့လည် ၁၂ နာရီခန့်အချိန်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာသားများမှာ မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်က နေအိမ်ဆောက်လုပ်ရန်အတွက် တောထဲတွင်ခုတ်ထားသည့်သစ်များအား ပြောင်းယူရန်သွားရောက်စဉ် မြေမြှုပ်မိုင်းအားနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
 “ကျွန်တော်တို့က မိုင်းထောင်ထားတာကိုမိသိဘူး။ သစ်ပြောင်းပြီးတော့ပြန်လာတဲ့အချိန်မှာ ကျောက်ပြားတောင်နားမှာ ဖြစ်တာပါ။ တခြားရွာသားတွေလည်းပါပါတယ်။ ကျွန်တော်နဲ့နောက်တစ်ယောက် ဒဏ်ရာရသွားပါတယ်။”ဟု ဒဏ်ရာရရှိခဲ့ သူ ကိုမောင်ဘုကပြောသည်။
ယင်းကျေးရွာသားနှစ်ဦးတို့မှာ ငှက်ပျောချောင်းကျေးရွာမှ မြို့တိုင်းရင်းသားများဖြစ်ကြပြီး ကိုမောင်ဘု (၂၅)နှစ်နှင့် ကိုဇော်နိုင်ဦး (၂၅)နှစ်တို့ဖြစ်ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုများပြုလုပ်လျက်ရှိသည်။
“မနေ့က ၂ နာရီလောက်ကနေ ရောက်တယ်။ နှစ်ယောက်စလုံးမှာက ခြေသလုံးနှစ်ဖက်စလုံးမှာဒဏ်ရာတွေရသွားတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားတော့မဟုတ်ဘူး။ ကျေက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူလို့ရှိနေပါတယ်။”ဟု ကျောက်တော်မြို့ခံ ဦးမောင်ကျော်သာကပြောသည်။

ထို့အပြင် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသမှာ တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများဖြစ်ပွား ခဲ့သည့်ဒေသတစ်ခုဖြစ်ကာ တိုက်ပွဲဖြစ်ပွားစဉ်ကာအတွင် နှစ်ဖက်တပ်များမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် ဒေသခံကျေးရွာသားများမှာ ထိခိုက်ဒဏ်ရာရရှိမှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။

Leave a Reply