အယ်လ်ဖာဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ရန်ကုန်တွင်ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့အမှုဖွင့်

0
140

မေ ၂၃
ကိုလူသစ်

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ် ၊အောင်သပြေကျေးရွာရှိ အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်းဖျက် သိမ်းပေးရန် ရန်ကုန်မြို့တော်ခမ်းမအရှေ့တွင် ဆန္ဒထုတ်ဖော်မှုမှ ဦးဆောင်သူ နှစ်ဦးကို ကျောက်တံတားမြို့ နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်သူ ကိုနောင်နောင်နှင့်ကိုဌေးအောင်တို့ကို ကျောက်တံတားမြို့မရဲစခန်းက မေ ၂၂ ရက် ညနေပိုင်းအချိန်တွင် ၄င်းတို့နေထိုင်ရာ အလုံမြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကိုဌေးအောင်က ပြောကြားသည်။

“အခုလောလောဆယ်တော့ ကိုနောင်နောင်နဲ့ကျွန်တော့ကို တော့ ပုဒ်မ ၁၉နဲ့အမှုဖွင့်ထားတယ်။ တခြားကျန် တဲ့လူတွေကိုလဲ ရဲတပ်ဖွဲ့က ဖမ်းဆီးနေတယ်။ လူစုံမှတရားရုံးကိုတင်မလား။ဒါမှမဟုတ်ကျွန်တော် တို့ကိုပဲတင်မလားတော့ မသိသေးဘူးပါ။ ထူးထူးထွေထွေတော့ ပြောစရာမရှိပါဘူး။ရဲတပ်ဖွဲ့ကလည်း သူ့အလုပ်သူလုပ်တယ်။ကျွန်တော်တို့ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ဒီလောက်ပါပဲ” ဟု ဆန္ဒထုတ်ဖော် မှုကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုဌေးအောင်က ပြောကြားသည်။

အေယ်လ်ဖာဘိလပ်မြေစက်ရုံမှ ကုမ္ပဏီပိုင်ကားများသည် ရွာလမ်းမကြီးကို ဖြတ်သန်းမောင်းနှင်ခြင်းနှင့် ယာဉ် များဖြတ်သန်းမောင်းနှင်ခြင်းမှဖြစ်ပေါ်လာသည့် ဖုံမှုန့်များကြောင့် စိုက်ပျိုးပင်များပျက်စီးခြင်းအပြင် ၊ကုမ္ပဏီမှ ကျေးရွာပိုင်ရေတွင်များ ရေခပ်ခွင့်မပြုဘဲ မသန့်ရှင်းသည့်ရေများကိုသာ သုံးစွဲခွင့်ပေးခြင်းတို့ကြောင့် ၄င်းဘိလပ် မြေစက်ရုံစီမံကိန်းကိုဖျက်သိမ်းပေးရန် ရန်ကုန်မြို့တော်ခမ်းမအရှေ့တွင် မေ ၁၉ရက် ညနေ ၄ နာရီခန့်က ဆန္ဒထုတ်သူအင်အား ၃၀ဖြင့် ပန်းဆိုတန်းမီးပွိုင့်မှ မဟာဗန္ဓုလလမ်းအတိုင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး မဟာဗန္ဓုလပန်းခြံအရှေ့တွင် ဟောပြောမှုများပြုလုပ်ခဲ့သည်။

ထို့ပြင် မေ ၁၅ ရက်က ကုမ္ပဏီမှကားများရွာလမ်းမကြီးတွင် ဖြတ်သန်းမောင်းနှင်မှုကို ကျေးရွာဒေသခံများဘက်မှ ဖြတ်သန်းခွင့်မပြုဘဲ လမ်းပိတ်ဆို့ခဲ့သည့်အတွက် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ကာ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင် ခဲ့မှုကြောင့် ကျေးရွာသားအချို့ ထိခိုက်မှုရှိခဲ့သည့်အပြင် လက်ရှိတွင် ကျေးရွာပတ်လည်အား ရဲတပ်ဖွဲ့မှဝိုင်းရံ ထားမှုကြောင့် ကျေးရွာသားအချို့မှာ တောထဲတွင်ပုန်းခိုနေရကြောင်းနှင့် စားဝတ်နေရေးပြတ်လပ်မှုရှိနေ သည့်အတွက် အများပြည်သူအနေဖြင့် ကူညီပေးရန်တိုက်တွန်းတောင်းဆိုခဲ့သည့်အပြင် ဖမ်းဆီးခံကျေးရွာသား များနှင့် တရားစွဲခြင်းခံထားရသူများကို အမှုမှရုပ်သိမ်းပြီးအမြန်ဆုံးပြန်လည် လွှတ်ပေးရန်ဆန္ဒထုတ်ဖော်သူများက တောင်းဆိုခဲ့ကြသည်။

၎င်းဆန္ဒထုတ်ဖော်မှုအပြီးတွင် ရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုကျော်မိုးကို ဖမ်းဆီးရန် လုပ်ဆောင်ခဲ့သော်လည်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူများကဝိုင်းဝန်းတားဆီးခဲ့ခြင်းကြောင့် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုကျော်မိုးကို ရဲစခန်းသို့လာရောက်ရင်ဆိုင်ရန် ရဲတပ်ဖွဲ့က ညှိနှိုင်းခဲ့ရာတွင် လာရောက်ခြင်းမရှိ သည့်အတွက် ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply