မူဆယ်တွင် ပိတ်မိနေသည့် ဆန်နှင့်သကြား ၃လကျော် ကြာသည်အထိ ပြန်မဖွင့်နိုင်သေး

0
87

မေ ၂၃
ဝေဝေဖြိုး

မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့် ဆန် ၊သကြား နှင့် ပြောင်း များ ၃လကျော် ကြာသည်အထိ ပြန်မဖွင့်နိုင်သေးကြောင်း မူဆယ် ဆန်ကုန်သည် ဦးမင်းသိန်းကပြောသည်။

မူဆယ်နယ်စပ်တွင် ဆန်အိတ်ရေ ၁၀ သိန်း နှင့် သကြားအိတ်ရေ ၁၆ သိန်းခန့် ဖေဖော်ဝါရီလမှစ၍ သောင်တင်နေခြင်းဖြစ်ကာ ယခုအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

“ဖေဖော်ဝါရီလ ထဲက ပိတ်တာ ၃လလောက်ရှိပြီ။လောလောဆယ်တော့ ဂိုဒေါင်ထဲပဲ ထည့်ထားရတယ်။ သကြားကတော့ ၁နှစ်လောက် ထားလို့ရတယ်၊ ဆန်ကတော့သိပ်မလွယ်ဘူး။ လောလောဆယ်တော့ ပျက်စီးမှု မရှိသေးဘူး ။တချို့ကလဲ မန္တလေးကို ပြန်ပို့ဖို့ စီစဉ်နေကြတယ်။”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံက မှောင်ပစ္စည်းတိုက်ဖျက်ရေး စီမံချက်နှင့် လုပ်ဆောင်နေသည့်အတွက် အဖမ်းအဆီး များသောကြောင့် ကုန်သည်များက အရောင်းအဝယ် ပြုလုပ်၍ မရသဖြင့် ယင်းကဲ့သို့ သောင်တင်နေခြင်း ဖြစ်သည်။

” အဖမ်းအဆီးများတာကြောင့် ဒီဘက်က မသွားရဲတာပါ သွားရင် ဖမ်းတယ်ဆိုတော့ မသွားရဲကြတော့ဘူး ၊ ဝယ်တဲ့သူကလဲ ဖမ်းတယ်ဆိုတော့ လာမဝယ်ရဲဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ ပိတ်မိနေခြင်းတွင် ဆန်ကုန်သည် ၄၀ ခန့်နှင့် သကြားကုန်သည် ၃၀ ခန့် ပါဝင်ပြီး ယင်းကိစ္စကြောင့် ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ ကျဆင်းလျက် ရှိသည်ဟု ဆိုသည်။

ထို့ပြင် တရုတ်-မြန်မာ ကုန်ပစ္စည်းဖလှယ်သည့် စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မူဆယ်၌ ပိတ်မိနေသည့် ဆန်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောကြားထားသည်။

“မေလထဲမှာ စပြီး လုပ်နိုင်အောင်လုပ်မယ်။ ဦးစားပေးကတော့ လတ်တလော မူဆယ်ကို ရောက်နေတဲ့ ဆန်တွေကို အဓိက ဦးစားပေးအနေနဲ့ ဆောင်ရွက်ဖို့ ရှိပါတယ်”ဟု ဦးရဲမင်းအောင်ကပြောသည်။

ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရ နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့  ကုန်ဖလှယ်မှုစနစ် (Barter System) ဖြင့် ကုန်သွယ်မှု ပြုလုပ်ရန် ဧပြီလ ၂၁ ရက်က နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။

ယင်း MoU ကို အောင်မြင်စွာ ညှိနှိုင်း အကောင်အထည်ဖော်နိုင်ပါက ဆန်စပါး အပါအဝင် မြန်မာ့ လယ်ယာ သားငါးထွက်ကုန်များကို မူဆယ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တွင်ကျယ်စွာ တင်ပို့ ရောင်းချနိုင်မည် ဖြစ်သည်။

Leave a Reply