ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCAလမ်းကြောင်းအတိုင်း အကောင်အထည်ဖော်မည်

0
167

ရန်ကုန် ၊ ဇန်န၀ါရီ ၁၆ ၊၂၀၁၈

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်း အတိုင်းသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မည်ဟု PNLO တွဲဖက်အထွေထွေအတွင်းရေးမှူး ခွန်ထွန်းတင်ကပြောသည်။

“NCAလမ်းကြောင်းအတိုင်းပဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဆက်လက်သွားမှာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်နိုင်ဖို့ အကြေအလည် ညှိနှိုင်းဆွေးနွေးတဲ့လမ်းကြောင်းနဲ့ပဲ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်သွားမယ်”ဟု ခွန်ထွန်းတင်ကပြောသည်။

PNLO၏ ဒုတိယအကြိမ်ညီလာခံကို ဇန်န၀ါရီ ၁၁ရက်မှ ၁၄ရက်နေ့အထိ ကဒူးကြီးဒေသ ဌာနချုပ်တွင် ကျင်းပခဲ့ပြီး အဆိုပါညီလာခံ အပြီး ထုတ်ပြန် ချက်တွင် NCAအပေါ်အခိုင်အမာရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဆက် လက်ကျင်းပ နိုင်ရေး အတွက် အလေးအနက်ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ပြည်ထောင်စုညီညွတ်ရေးဖြင့် ဖက်ဒရယ် ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် နိုင်ငံ ရေးအရတွေ့ဆုံ ညှိနှိုင်း အဖြေရှာနည်းလမ်းကို အကောင်းဆုံးနည်းလမ်းအဖြစ် ခံယူ၍ အားလုံး လက်ခံနိုင်မည့် ပြည် ထောင်စုသဘောတူစာချုပ် ရရှိရေး ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြ ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေး ကို ဇန်န၀ါရီလကုန်ပိုင်းတွင်ကျင်းပမည်ဟု ကြေညာထားသော်လည်း နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ညီလာခံကိုဆက်လက်ပြုလုပ်မည်ဟု NCAလက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား ၈ ဖွဲ့၏ နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ကအရေးပေါ်အစည်းအပြီးတွင် ကြေညာထားသည်။

ရှမ်းပြည်နယ်လင်းခေးမြို့တွင် ကျင်းပရန်ရှိသည့် ရှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုတွေ့ဆုံပွဲများ နှင့် ရှမ်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ(အကြို)ဆွေးနွေးပွဲများကို တပ်မတော်က ဟန့်တားခဲ့ပြီးနောက် လင်းခေးမြို့တွင်ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSက ရွေ့ဆိုင်းခဲ့ သည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်ကျင်းပ ပြီးသော် လည်း လူထုတွေ့ဆုံပွဲပြုလုပ်ကာ ညီလာခံ မှရရရှိလာသည့်အချက်များကို လူထုသို့ ရှင်းလင်းတင်ပြရန် ရှိသော်လည်း ခေတ္တရပ်ဆိုင်းထားကြောင်း ခွန်ထွန်းတင် ကပြောသည်။

“တွေ့ဆုံပွဲရလာဒ်ကို လူထုကိုပြန်ချပြဖို့လိုတယ်။ လူထုရဲ့ပူးပေါင်း ပါဝင်မှု ရှိဖို့လိုတာပေါ့ ။အခုတော့ခေတ္တရပ်ဆိုင်းထား တယ်။ လာမယ့် ၁၄ကြိမ်မြောက် UPDJCအစည်းအဝေးအပြီးမှ လုပ်နိုင်မယ်ထင်တယ်”ဟု ၎င်းကဆိုသည်။

PNLO၏ဒုတိယအကြိမ် ညီလာခံတွင် ဗိုလ်မှူးကြီးခွန်သူရိန်အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ယခင်ဥက္ကဋ္ဌဦး ခွန်မြင့်ထွန်းက ဒုတိယ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ကာ ဦးဆောင်နာယကအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ခွန်ထွန်းတင်ကဆိုသည်။

ကိုဥာဏ်

Leave a Reply