“ရန်ကုန်မြို့သစ် စီမံကိန်းအတွက် လုံးဝ ချေးငွေမယူ” ဟု ဝန်ကြီးချုပ် ပြောကြား

0
169

မေ ၂၉
ဝေဝေဖြိုး

ရန်ကုန်မြို့သစ် စီမံကိန်းကို နိုင်ငံတော်မှ ကြီးကြပ်ကွပ်ကဲပြီး ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် နိုင်ငံတကာမှ ချေးငွေရယူရန် အစီအစဉ် လုံးဝမရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုလ ၂၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တာဝန်ယူတဲ့ အချိန်မှာ ကုမ္ပဏီ ၃ ခု ဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေကို ရောက်နေတဲ့ အနေအထား၊ ကျွန်တော်တို့က ညှိနှိုင်းပါတယ်၊ ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စမှာ တချို့က ကျွန်တော်တို့က ပိုက်ဆံတွေ ချေးပြီးတော့ ဒီမြို့ကြီးကို တည်ဆောက်မယ်။ ကျွန်တော်တို့ အဲ့လိုလုပ်ဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ နောင်လာနောင်သားတွေကို ချေးငွေ ဝန်ထုပ်ဝန်ပိုး ပိစေတယ်ဆိုတဲ့ ဆွေးနွေးနေတာတွေကို ကြားရတယ်။ကျွန်တော်တို့ လုံးဝ ဒီထဲကို ဝင်ချေးပြီးတော့ ရင်းနှီးမြှုပ်နှံဖို့မရှိပါဘူး။ ကျွန်တော်တို့လုပ်ချင်တဲ့ ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့လာပြီးတော့ တည်ဆောက်ပေးတဲ့ အခြေနေမျိုးလုပ်ချင်တယ်”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ တည်ဆောက်လိုက်ခြင်းဖြင့် မြို့ပြ၏ မြေတန်ဖိုးသည် ပြောင်းလဲသွားမည်ဖြစ်ပြီး ပြောင်းလဲလာသည့် မြေတန်ဖိုး အပေါ် မူတည်၍ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ၎င်းတို့က ပြန်လည် ထုတ်လုပ်ရရှိသွားသည့် ပုံစံမျိုးဖြင့် ရင်းနှီးမြှုပ်နှံသူများ
လည်းအကျိုးရှိသလို မိမိတို့အနေဖြင့်လည်း အကျိုးရှိသည့် ပုံစံမျိုးကို လုပ်ဆောင်ချင်ကြောင်း ၎င်းကဆိုသည်။

ယင်းမှ ရရှိလာသည့် ငွေကြေးအကျိုးအမြတ်နှင့် ရန်ကုန်မြို့ဟောင်းအတွက် လိုအပ်သည့်နေရာများတွင် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ၀င်ရောက်လာစေချင် သည်ဟုဆိုသည်။

“ကျွန်တော်တို့က ဘယ်လိုလူမျိုးကို အကြောက်ဆုံးလဲ ဆိုတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး လာပြီးတော့ ရန်ကုန်မြို့သစ်ကြီးပါဆိုပြီး ဆိုင်းဘုတ်တင်ပြီး ဒီထဲမှာ မြေပဲ အရောင်းအ၀ယ် ကစားနေတဲ့ အခြေအနေမျိုးအတွက် ကျွန်တော်တို့ မမျှော်မှန်းထားပါဘူး။ ဒီလို အလုပ်မျိုးကိုလည်း ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ရန်ကုန်မြို့သစ် စီမံကိန်းကို စနစ်တကျ လာရောက်ရင်းနှီးမြှုပ်နှံမယ့် invester ကို ဖိတ်ခေါ်ထားပါတယ်။ “ဟု ဝန်ကြီးချုပ်ကပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း၌ မည်သူမဆို လာရင်းနှီးမြှုပ်ရန် အဆိုပြုနိုင်ပြီး အဆိုပြုမှုများအပေါ် မူတည်၍ ပြည်ထောင်စု အစိုးရ၊ စီးပွားရေး ကော်မတီ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ ခွင့်ပြုချက်များနှင့် ယင်းကိစ္စကို ဆက်လက် ဆောင်ရွက်ရန် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ယင်းစီမံကိန်းနှင့်ပတ်သက်၍ မြေလျော်ကြေးပေးနိုင် ရေးကိစ္စ နှင့် နယ်မြေဖွံ့ဖြိုးမှုကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး ကဏ္ဍနှင့်ပတ်သက်၍ တရုတ်နိုင်ငံကသာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အများဆုံး ဖြစ်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

” တခြားနိုင်ငံတွေကိုလည်း ကျွန်တော်တို့က အမြဲဖိတ်ခေါ်နေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံတည်းကိုပဲ မှီခိုပြီး ရင်းနှီးမြှုပ်နှံမှုကို မျှော်မှန်းနေတာမျိုး မဟုတ်ဘဲနဲ့ အားလုံးလာစေချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလာကိုလာရမယ်လို့ ကျွန်တော်တို့က လုပ်လို့မရပါဘူး။ သူတို့ စိတ်ဝင်စားမှု အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံကတော့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ နယ်စပ်ကလည်း တစ်ဆက်တည်း ဖြစ်နေတဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှုတွေ မူဆယ်-မန္တလေးလမ်းလိုဟာမျိုး၊ မန္တလေး-ရန်ကုန်လို အခြေအနေမျိုး၊ နေပြည်တော်လို အခြေအနေမျိုးဆိုတဲ့ အနေအထားတွေကို တရုတ်နိုင်ငံကတော့ ပိုပြီး စိတ်ဝင်စားမှု ရှိပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ တရုတ်နိုင်ငံသာ ဖြစ်သောကြောင့် ယင်းအပေါ်မှာ မူတည်ကာ စိတ်ဝင်စားသူများကို ရန်ကုန်မြို့သစ် စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ဆောင်ရွက်သွားမည်ကြောင်းသိရသည်။

ထို့ပြင်ဒေသခံပြည်သူများက တံတားတစ်စင်းထိုးပေးရန် တောင်းဆိုထားသော်လည်း အစိုးရ၏ ရင်းနှီးငွေဖြင့် လုပ်ဆောင်ရန် ဘတ်ဂျက် မရှိသေးသောကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှတဆင့် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆက်လက်ရှာဖွေသွားရန် ပြင်ဆင်နေသည်ဟုဆိုသည်။

Leave a Reply