သတ်မှတ်ချက် ၁၂ ချက်နှင့် ကိုက်ညီသည့် ယာဉ်ဟောင်းများကို ကျောင်းကားပြေးဆွဲခွင့်ပြု

0
106

မေ ၃၀
ဝေဝေဖြိုး

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်ချက် ၁၂ ချက်နှင့်အညီ ကားတင်းသွင်းမည် ဆိုပါက တင်သွင်းနေစဉ် ကာလအတွင်း မူလယာဉ် အဟောင်းများဖြင့် ကျောင်းကားများ ဆက်လက် ပြေးဆွဲခွင့်ပြု မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

“ဒီလုပ်ကိုင်နေတဲ့ ယာဉ်တွေနဲ့ ပတ်သက်ပြီး၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်မှာ မူလတည်းက ကျောင်းကားပြေးဆွဲတဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ယာဉ်တွေကို ဆိုလိုပါတယ်။သတ်မှတ်ချက် ၁၂ ချက်နဲ့ ကိုက်ညီတဲ့ မော်တော်ယာဉ် တင်သွင်းဆောင်ရွက်မည် ဖြစ်ကြောင်းကို အထောက်အထားနဲ့တင်ပြလာပါက ဆောင်ရွက်နေဆဲ ကာလအတွင်း မူလယာဉ်အဟောင်းကို ဆက်လက်ပြေးဆွဲခွင့်ပြုမှာဖြစ်ပါတယ်”ဟု YRTAမှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

သတ်မှတ်ချက် ၁၂ ချက်နှင့် ကိုက်ညီသည့် မော်တော်ယာဉ် တင်သွင်းခွင့်ကို YRTA က တဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို လျှောက်ထားရမည် ဖြစ်သည်။

ယင်းကဲ့သို့ တင်သွင်းသည့် ယာဉ်များကို YRTA က တာဝန်ခံရမည်ဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနှင့် တိုင်းအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ကျောင်းကားယာဉ်များ တင်သွင်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး လိပ်စာနှင့် မှတ်ပုံတင်ပေးရမည်ဖြစ်သည်။

အထူးကိစ္စတစ်ရပ်အနေဖြင့် ကျောင်းကားလုပ်ငန်း လုပ်ကိုင်ရန် တိုင်းဒေသကြီး လိပ်စာဖြင့် မှတ်ပုံတင်ခြင်းဖြစ်ပါသဖြင့် တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ကျောင်းကားလုပ်ငန်းမှအပ တခြားလုပ်ငန်း လုပ်ကိုင်ခွင့် မပြုထားဘဲ ကန့်သတ်ထားသည်ဟုဆိုသည်။

“ဒါကလဲဒီဟာကို စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ရိုးရိုးသားသားနဲ့ ဒါကို ကျောင်းကားလုပ်ငန်းပဲ လုပ်မယ်ဆိုရင် ကျောင်းကားလုပ်ငန်းပဲလုပ်ပါ။ အစိုးရကနေ အခြားလူတွေကို ဒီအခွင့်အရေး မပေးခဲ့ပါဘူး ။ကျောင်းကားလုပ်ငန်းကို လုပ်ချင်ပါတယ်လို့ ကျောင်းကား စနစ်ဖွံ့ဖြိုးတိုးတက်ရေး ပါဝင်ခွင့်ကို ပေးတဲ့ အခွင့်အရေးဖြစ်ပါတယ် လူတိုင်းရန်ကုန် မှတ်ပုံတင်နဲ့ ကားတင်သွင်းခွင့် မရပါဘူး”ဟု ဦးလှအောင် ကပြောသည်။

အဆိုပါကားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့်သာ ရန်ကုန်လိုင်စင် အတွက် တင်သွင်းခွင့်ရရှိမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ကျောင်းကားလုပ်ငန်းမှအပ အခြားလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ မှင်အနီရောင်ဖြင့် တံဆိပ်တုံး မပျက်မကွက် ရိုက်နှိပ်ထားရမည်ဟု ထုတ်ပြန်ထားကြောင်းသိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းကား ပြေးဆွဲရန်အတွက် ကျောင်း ၁၂ ကျောင်းရှိသည့် အနက် လက်ရှိတွင် ကျောင်း ၇ ကျောင်းသာ စာရင်း ပေးထားကြောင်း YRTAမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။

“ဒီနှစ်မှာ လက်ရှိအချိန်ထိ အခြားမြို့နယ်က ကျောင်းတွေကိုပါ လက်ခံပေးထားတာ ရှိပါတယ် ။ ၇ ကျောင်းထိ လက်ခံပေးထားပါတယ်။ နောက်ထပ်တိုးလာတာက အထက ၂ ဗဟန်း ၊အထက ၂ မရမ်းကုန်း ၊ အထက ၂ လသာနဲ့ ပြီးခဲ့တဲ့နှစ်က ကျောင်းတွေနဲ့ဆို စုစုပေါင်း ၇ ကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ စာရင်းကို ကောက်ခံရရှိထားပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ စာရင်းပိတ်တဲ့ ကာလမှာ ပို့ပေးမယ်ဆိုတဲ့ ကျောင်းတွေလဲ ရှိပါတယ်။ ကျောင်းစုစုပေါင်းဆို ၁၂ ကျောင်းရှိတယ်။ ၇ ကျောင်းက ကျောင်းသားစာရင်း တက်လာပြီး ကျန်ကျောင်းတွေက စာရင်းတွေ ပြုစုနေဆဲ ဖြစ်ပါတယ်။ ဇွန်လ၂ရက်နေ့ နောက်ပိုင်းမှာ ပိုပြည့်စုံတဲ့ အချက်လက်ကို ပေးနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ကျောင်းအပ်လက်ခံသည့် ကာလသည် ဇွန်လ ပထမပတ်ထိသာ ဖြစ်သည့်အတွက် ကျောင်းကား ပြေးဆွဲရန် လျှောက်ထား တင်ပြလာသည့် ကျောင်းအရေအတွက် စာရင်းကို ကွင်းဆင်း စစ်ဆေးရမည်ဖြစ်သောကြောင့် ဇွန်လအတွင်းမှသာ အတိအကျ ထုတ်ပြန်ပေးနိုင်မည်ဟုဆိုသည်။

ကျောင်းကားများတွင် CCTV ကင်မရာ တပ်ဆင်ထားကာ GPS စနစ်ပါဝင်ပြီး ယာဉ်မယ်များကလည်း ကလေးများ ကားစီးနင်းနေစဉ်အတွင်း ထိုင်ခုံခါးပတ် ပတ်ထားခြင်း ရှိ ၊မရှိ စစ်ဆေး၍ အစားအသောက်များနှင့် ပတ်သက်၍လည်း ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ကျောင်းကား ယာဉ်စီးခနှုန်းထားကို မိုင်အလိုက် သတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းကားများကို TTC ကမာရွတ် ၊TTC ရန်ကင်းနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်း ၅ ကျောင်း တွင် ပြေးဆွဲပေးခဲ့ကြောင်းသိရသည်။

Photo : Mar Naw / MPA

Leave a Reply