ဒေါက်တာအေးမောင်အား ချက်ချင်းအရေးယူရန်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးအမြဲတမ်း အတွင်းဝန်ပြော

0
145

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ၊ ၂၀၁၈

ဒေါက်တာအေးမောင်အား တည်ဆဲဥပဒေအရ ချက်ချင်းအရေးယူရန် ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးတင်မြင့် ကပြောသည်။

“တည်ဆဲဥပဒေအရ အရေးယူပါလိမ့်မယ် ခွင့်ပြုချက်လည်းရပြီးပါပြီ ။ တည်ဆဲဥပဒေတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအရေးယူပါလိမ့်မယ် ။ ချက်ချင်းအရေးယူမှာပေါ့ဗျာ။” ဟုဦးတင်မြင့် ကပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်အား ဇန်န၀ါရီလ ၁၆ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် ရသေ့တောင်တွင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာ ကျဆုံးသည့်အခမ်းအနား ၌ ဟောပြောမှု အပြီး အရေးယူရန် အစီအစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဟောပြောပွဲတွင် ဒေါက်တာအေးမောင်မှ “ဗမာများအနေဖြင့် ရခိုင်လူမျိုး များ ကို ဗမာ့ကျွန်အဖြစ်လောက်သာထားရှိပြီး တန်းတူအခွင့် အရေး မပေးကြောင်း အချုပ်အခြာအာဏာရရှိရေးအတွက် နည်းလမ်း နှစ်ခုသာ ရှိကြောင်း လက်နက်ကိုင်တော်လှန်ရေးနည်း ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း မိမိမှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း နောင်နှစ်များစွာရောက်တိုင်းမှာ အချုပ်အခြာအာဏာပြန်လည်ရယူလိုရေးစိတ် ဓါတ်မွေးရန် လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ရေး သာဖြစ် ကြောင်း လူထုကို စည်းရုံးခြင်း လက်နက်ကိုင်တော်လှန်ခြင်းတို့ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွှတ်မြောက်ရေး တိုက်ပွဲကို ဆင်နွဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း ယခုလို ဟောပြောပွဲများ ကျင်းပခြင်းဖြင့် တမျိုးသားလုံးထားရှိသင့်သည့် ရည်းမှန်းချက်ပန်းတိုင်ကို သိရှိပြီး အမျိုးသားရေး တရပ်အနေဖြင့် ပါဝင်ကူညီဆောင်ရွက်လိုအပ်ကြောင်း”ထည့်သွင်းဟောပြောခဲ့ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်သည့် ရှင်းလင်းချက်၌ ဖော်ပြထားသည်။

ဟောပြောပွဲ ပြုလုပ်နေစဉ် မီးပျက်ထောက်ခဲ့မှုကြောင့် လာရောက်သည့် ပရိတ်သတ်များမှ စုဝေးပြီး စာပေပြောပွဲခွင့် ပြန်လည်ကျင်းပခွင့်ရရှိရန် အော်ဟစ်ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြပြီး လူစုလူဝေး အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဟောပြောပွဲတွင် ဟောပြောခဲ့သည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်(ခ) အောင်ကျော်ဝင်းတို့အား ဟောပြောမှုပါ အချက်အလက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်း အဝေးဆုံးဖြတ်ချက်အရ နိုင်ငံတ်ာသစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၁(ခ) ဂ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဂ ၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ၂ အမှုဖွင့်တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply