ဆရာတော်ဦးဝီရသူ သွားလာနိုင်သည့် နေရာများကို ရဲတပ်ဖွဲ့ ရှာဖွေနေ

0
135

ဇွန်​ ၁
နိုင်လင်းဦး

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူ ကိုဖမ်းဆီးရမိရေးအတွက် ဆရာတော် သွားလာနိုင်သည့် နေရာများကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည် ။

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်အတွင်းရှိ ဆရာတော်ဦးဝီရသူ သတင်းသုံးသည့် ဓမ္မသဟာယကျောင်းသို့ မေလ ၂၉ ရက်နေ့က သံဃာ့နာယက ဆရာတော်များနှင့် ရဲတပ်ဖွဲ့ တို့ က ဝင်ရောက်ရှာဖွေခဲ့ရာ ဆရာတော် စီးသည့် ကားနှင့် ဖိနပ်မှာ ကျောင်း၌ ရှိသော်လည်း ဆရာတော်ကို တွေ့ရှိခြင်းမရှိကြောင်း သိရသည်။

“အခန်းနေဆရာတော် ဦးဇဝနကတော့ ပြောပါတယ် ။ ညတုန်းက ဘယ်အချိန်ထွက်သွားလဲမသိဘူး ။ ကားတွေလည်းယူမသွားတဲ့အတွက် မသိလိုက်ဘူး။ သူတောင်မသိလိုက်ဘူး ။အခြားကားနဲ့ထွက်သွားတယ်ထင်တယ် ။ ရန်ကုန်သွားမယ်လို့တော့ သူ့ကိုပြောထားတာရှိတယ်။ ထွက်သွားတဲ့အချိန်ကို သူမသိလိုက်ဘူး။ အဲ့ဒါမျိုးပြောလာတယ် ။ သို့သော်လည်း ရန်ကုန် သွားတယ် မသွားဘူး ။ အခြားဘယ်တွေရှိတယ်ဆိုတာ မသိတဲ့အတွက် ကျွန်တော်တို့ကတော့ မနေ့ကရယ် ဒီနေ့ရယ် ဆရာတော်သွားလာနိုင်တဲ့ ကျောင်းတိုက်တွေ နေရာတွေ ကားဂိတ်တွေကိုတော့ စုံစမ်းရှာဖွေစစ်ဆေးလျှက်ရှိပါတယ်။´´ ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင် က ပြောသည် ။

မေ လ ၅ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောချက်များ သည် အုပ်ချုပ်ရေးမဏ္ဍိုင်အား စော်ကားသည် ဟုဆိုကာ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက အနောက်ပိုင်း ခရိုင် တရားရုံးတွင် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဦးတိုက်လျှောက်ထားမှုကြောင့် ဆရာတော် ဦးဝီရသူ အား ပုဒ်မ ၁၂၄ (က) ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး က ဖမ်းဝရမ်း ထုတ်ပေးခဲ့သည်။

ဆရာတော်ဦးဝီရသူအား စွဲဆိုထားသော ပုဒ်မ ၁၂၄ (က) သည် အာမခံပေးမရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့် ထောက်ဒဏ် တစ်ကျွန်းထိကျခံနိုင်ရသော ပုဒ်မဖြစ်သည်။

Leave a Reply