မြို့သစ်များအတွက် သိမ်းဆည်းခဲ့သည့် မြေများကို လျော်ကြေးပေးနိုင်ရန် လက်ကျန်မြေများ ရောင်းချမည်

0
139

ဇွန် ၃
ဝေဝေဖြိုး

မြို့သစ်များတည်ဆောက်ခဲ့စဉ်က သိမ်းဆည်းခဲ့သည့် မြေများကို လျော်ကြေးပေးရန် လက်ကျန် မြေများကို ထိုက်သင့်သည့် ဈေးနှုန်းဖြင့် ရောင်းချပြီး လျော်ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုလ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော အနာဂတ်ရန်ကုန် စီမံကိန်းများအတွက် ရှင်းလင်းဆွေးနွေးပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ဟောင်းနဲ့အတူတူ ယင်းနဲ့ ဆက်စပ်နေတဲ့ ဒဂုံ ၄ မြို့နယ် လှိုင်သာယာ ရွှေပြည်သာတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်သင့်တယ်လို့ ကျွန်တော်တို့ကို ဆွေးနွေးတာတွေ ရှိပါတယ်။ အလွန်ကို စိတ်ဝင်စားပါတယ်။ ဒီနယ်မြေတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဦးစားပေးစီမံကိန်းတွေ ဖြစ်ပါတယ်။ အဲ့တာတွေ အားလုံးဟာ PPP နဲ့ လုပ်လို့မရနိုင်တော့ပါဘူး။ ဘာကြောင့်ဆို အဆောက်အဦးတွေလဲ ဆောက်ပြီးပြီ ၊ မြေတွေလဲ ရောင်းပြီးပြီ ၊ ဒီနေရာမှာ ကျန်ခဲ့တဲ့ မြေကွက်အလွတ်တွေ ကိုတော့ ပြန်လည်စုစည်းနေပါတယ်။ မြို့သစ်တွေကို တည်ဆောက်ခဲ့တဲ့ မြေတွေကို မကြာခင်မှာ လျော်ကြေးပေးရပါလိမ့်မယ်။ ဒါကြောင့် လက်ကျန်မြေတွေကို ရောင်းဖို့ ပြင်ဆင်နေပါတယ်”ဟု ၎င်းကပြောသည်။

မြေများကို သိမ်းဆည်းခဲ့သည့်အတွက် ၄၀ ဘီလီယံခန့် လျော်ကြေးပေးအပ်ရမည်ဖြစ်ပြီး လယ်သမားများက လက်ကျန်မြေကွက်လက်များကို ဈေးပေါပေါနှင့် ၎င်းတို့ကို ရောင်းချပေးပါဟု တင်ပြခြင်းများ လည်းရှိကြောင်း ၎င်းကဆိုသည်။

ယင်းမြေများကို မကြာမီကာလတွင် ထုတ်ရောင်းရန်အတွက် တိုင်းဒေသကြီးတွင် ကော်မတီတစ်ရပ်ဖွဲ့စည်း ထားကြောင်းသိရသည်။

“ဘာကြောင့် ဈေးပေါပေါနဲ့ မပေးနိုင်သလဲဆိုရင် မြေသိမ်းခဲ့စဉ်တုန်းက လယ်ကွင်းကို သိမ်းခဲ့တာဖြစ်ပါတယ်။ လယ်ကွင်းကနေ အခုဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်စဉ်ဘတ်ဂျက် ထည့်နေရပါတယ်။ လွှတ်တော်က လမ်းဖောက်ပေးပါ လမ်းခင်းပေးပါဆို ဒဂုံ ၄မြို့နယ်ဆိုရင် ပိုက်ဆံတောက်လျှောက် တောင်းနေတာဖြစ်ပါတယ်။

ဒီပိုက်ဆံတွေဟာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဒီရပ်ရွာတွေကို ဖွံ့ဖြိုးလာအောင် လုပ်ရမှာဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ၁ ဧက ကို သိန်းတစ်ထောင်ထည့်မလား ၊ သိန်းနှစ်ထောင်ထည့်မလားဒီအခြေခံအဆောက်အအုံတွေကို ထည့်မှ ဒီမြေရဲ့တန်ဖိုးက တက်လာတာဖြစ်ပါတယ်။ အခုတက်လာတဲ့ မြေရဲ့တန်ဖိုးကို လယ်ယာမြေကို သိမ်းခဲ့စဉ်သလိုပဲ ပြန်ပေးပါဆိုတဲ့ အခြေနေကို ပေးလို့မရနိုင်ပါဘူး။ ဒါပေမယ့် ရောင်းလို့ရနိုင်ပါတယ်။

သူတို့လိုချင်တယ်ဆို ထိုက်တန်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ရောင်းဖို့ပြင်ဆင်ပါမယ် ။ဒါပေမယ့် အဲ့ဈေးက အစိုးရဆီကနေ အောက်ဈေးနဲ့ ရဖို့တော့မဖြစ်နိုင်ပါဘူးကျွန်တော်တို့ သွင်းလိုက်ရတဲ့ ကုန်ကျငွေလောက်တော့ ပြန်လိုချင်ပါတယ် ဒါမှသာ အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေကို မြေလျော်ကြေးပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ကပြောသည်။

ယင်းကဲ့သို့လျော်ကြေးပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းတွင် ဗဟိုသို့တိုင်ကြားစာနှင့် ပြီးခဲ့တဲ့လွှတ်တော်က စစ်ဆေးခဲ့သည့် တိုင်ကြားစာအမှုတွဲပေါင်း ၅ထောင်ကျော်ရှိသည်ဟုဆိုသည်။

ယင်းအမှုတွဲ ၅ ထောင်ကျော်အနက် အမှု ၅ ထောင်ခန့် စစ်ဆေးပြီးပြီဖြစ်ကာ သဘောထား တောင်းခံနေသည့် အမှုတွဲ နှစ်ရာကျော်ခန့်သာ စစ်ဆေးရန် ကျန်ရှိတော့ကြောင်းသိရသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကို တင်ပြထားပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှုကို ဗဟို၏ ဆုံးဖြတ်ချက် ရလာပြီဆိုပါက လျော်ကြေးပေးရေး အစီအစဉ်များကိုဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။

Leave a Reply