လက်ဖက်ကို မြန်မာ့ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည် နိုင်အောင် လုပ်ဆောင်မည်

0
42

ဇွန် ၇
ဝေဝေဖြိုး

မြန်မာနိုင်ငံ၏ ရိုးရာဓလေ့ အစားအစာတစ်ခုဖြစ်သည့် လက်ဖက်ကို ကမ္ဘာပေါ်တွင် မြန်မာ့ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်နိုင်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းYaTharWaiThi Co.,Ltd. မှ General Manager ဦးရဲမင်းဟိန်းက ပြောသည်။

လက်ရှိတွင် ပလိုင်း လက်ဖက်ကို အော်ဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုး၍ ပြည်ပနိုင်ငံများသို့ စတင် တင်ပို့နေပြီဟုဆို သည်။

“ပလိုင်းလက်ဖက် ဆိုတာက မြန်မာပြည်မှာရော တစ်ကမ္ဘာလုံးမှာရော ၁၀၀ ရာခိုင်နှုန်း အော်ဂဲနစ် ရထားတာ ဒီတစ်ခုပဲ ရှိတယ်။ ၂၀၁၈ ခုနှစ်ထဲကအမေရိကားကို အဓိက တင်ပို့နေပါတယ်။ အခုဆို ၈ လ လောက် ရှိပါပြီ။ပုံမှန်ကတော့ တစ်နှစ်ကို ကွန်တိန်နာလိုက် တစ်ခါပို့ ရင် နှစ်လုံး၊ သုံးလုံး ပို့တယ်”ဟု ၎င်းက ပြောသည်။

မြန်မာ့ဒေသထွက် ပလိုင်း အော်ဂဲနစ်လက်ဖက်ကို ၂၀၁၈ ခုနှစ်မှစတင်၍ အမေရိကား၊ စင်္ကာပူ၊ ဘန်ကောက် စသည့် ပြည်ပနိုင်ငံ ၃ နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

ပလိုင်း အော်ဂဲနစ်လက်ဖက်ကို ရှမ်းပြည်နယ် ပင်းတယတွင် အဓိက စိုက်ပျိုးထားပြီးတစ်ကမ္ဘာလုံး အသိအမှတ်ပြု ဂျာမနီနိုင်ငံမှ လာရောက်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ်လည်း ထုတ်ပေးထားကြောင်း သိရသည်။

“အော်ဂဲနစ်သီးနှံဆို ပြည်ပမှာက ဈေးရတယ်။ ပို့ ချင်တိုင်းတော့ ပို့လို့မရဘူး။ မြန်မာနိုင်ငံလက်ဖက် အသင်းက နိုင်ငံခြားသားပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ၁ဝဝ ရာခိုင်နှုန်း အော်ဂဲနစ်ဖြစ်ပြီဆိုမှ သူတို့ကို လှမ်းဆက်သွယ်တယ်။ ဂျာမနီက ပညာရှင်တွေက သူတို့ရဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်ကို လာစစ်တယ်။သတ်မှတ်ချက်နဲ့ညီရင် လက်မှတ်ထုတ်ပေးတယ်။”ဟု ဦးရဲမင်းဟိန်းက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော လက်ဖက်သည် ဓါတ်မြေသြဇာ သုံးစွဲမှု မရှိသဖြင့် ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်မှု ရှိသည့်အပြင် ပြည်တွင်းရှိ လုပ်သားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်ဟုဆိုသည်။

ယင်းကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းများသည် တောင်သူများအတွက် အကျိုးအမြတ်များစွာ ရှိသည့်အတွက် အစိုးရအနေဖြင့် SME လုပ်ငန်းများတွင် ပံ့ပိုးပေးရန် လိုအပ်သည်ဟုဆိုသည်။

“ကမ္ဘာမှာ မြန်မာ့ထုတ်ကုန် တစ်ခုအနေနဲ့ လက်ဖက်ကို ရပ်တည်စေချင်တယ်။ ဒါမျိုးလုပ်ငန်းဆိုတာ တောင်သူတွေအတွက် အရမ်းကို အကျိုးအမြတ်ရှိတယ်။ ပုံမှန် လက်ဖက်ရောင်းရင် ပြည်တွင်းမှာ ရောင်းတဲ့ဈေးနဲ့ ပြည်ပကိုပို့တဲ့ဈေးနဲ့ အရမ်းကွာတယ်။ အကျိုးအမြတ် ပေါ်မှာ မူတည်ပြီးတော့ တကယ့် လက်တွေ့လုပ်ရတဲ့ တောင်သူကအစ ဒီအပေါ်မှာ အကျိုးအမြတ်ယူတဲ့ ပုဂ္ဂိုလ်အားလုံးအဆုံးပေါ့နော်၊ အကျိုးအမြတ်က အရမ်းပြောင်းလဲသွားတယ်။ အဲ့တော့ ဒါတွေကို ပံ့ပိုးကူညီရင် အလွှာအသီးသီးမှာ ၀င်ငွေတွေ၊ အကျိုးအမြတ်တွေ အများကြီး ရရှိနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

ပလိုင်းလက်ဖက်ကို ပြည်တွင်းဈေးကွက်တွင်လည်း ဖြန့်ချီလျက်ရှိပြီး တစ်ပုလင်းလျှင် မြန်မာကျပ်ငွေ ၅၀၀၀ သတ်မှတ်ထားကာ လက်ဖက်အညွှန့်၊ အနှစ်၊ အကြော်စုံ စသည်ဖြင့် ၃ မျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ဧက ၂ သိန်းကျော်ရှိပြီး လုပ်သား လိုအပ်ချက်မှာ တစ်ဧကလျှင် လူဦးရေ ၃၀၀ ခန့် လိုအပ်ကြောင်း ပလောင်လက်ဖက် အသင်း စာရင်းများတွင် ဖော်ပြထားသည်။

Leave a Reply