တရုတ်နိုင်ငံသို့ မြန်မာ့ ပို့ကုန်တင်ပို့မှု ယခင်နှစ်ထက် လျော့ကျနိုင်

0
103

ဇွန် ၈
ဝေဝေဖြိုး

ယခုနှစ် အောက်တိုဘာလမှ မတ်လအထိ ၆လတာကာလအတွင်း တရုတ်- မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်းငါးထောင်ငါးရာကျော် ခန့်ရှိခဲ့ပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိ ၆ လ အတွင်း တရုတ်-မြန်မာ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်ကျော် ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ်မတ်လအထိ ဘဏ္ဍာ နှစ်တစ်နှစ်လုံးစာ ကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်း တစ်သောင်းနှစ်ထောင် နီးပါးခန့် ရှိခဲ့ကြောင်းသိရသည်။

“တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုမှာ ဒီနှစ်က အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် ကျနိုင်တယ်။ မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ ဆန်တို့၊ပြောင်းတို့ဆိုတာကလဲ ဒီဘက်က တရားဝင် ဖြစ်ပေမယ့် ဟိုဘက်မှာက ကိုတာပေးတဲ့ ပစ္စည်းတွေ ဖြစ်နေတယ်။ ဟိုဘက်ကကုန်သည်တွေကလဲ အခွန်ရှောင်ချင်တာဖြစ်တဲ့အတွက်ကြောင့် တရားမ၀င် အခွန်ရှောင် ၀ယ်ယူတာတွေ ရှိတယ်၊ ဒါတွေက ကုန်သွယ်မှုမှာ နည်းနည်းလေး အခက်အခဲ ဖြစ်နေတာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

တရုတ်နိုင်ငံဘက်မှ တရားမ၀င် ကုန်သွယ်မှုကို တားဆီးနေသည့် အနေအထားကြောင့် ကုန်သွယ်မှုပမာဏ လျော့ကျခြင်း ဖြစ်ကြောင်းသိရသည်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ၅လတာအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာသန်းပေါင်း ၃၂၆၀ ကျော် ရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ သန်း ပေါင်း ၇၆၀ ကျော် လျော့ကျနေသည်ကို တွေ့ရှိရသည်။

သို့သော် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းသည့် သွင်းကုန်တန်ဖိုးမှာ ကာလတူ နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ သန်း ၅၀ ကျော် မြင့်တက်နေသည်။

မြန်မာနိုင်ငံအနေဖြင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ စုစုပေါင်းကို အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလီယံ ရရှိရန် လျာထားဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် တရုတ်- မြန်မာကုန်စည်ဖလှယ်သည့် စနစ် ဖြင့် MOU ရေးထိုး၍ ကုန်သွယ်မှု စတင်ပြုလုပ်ရန် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံဘက်မှ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) နှင့် တရုတ် နိုင်ငံဘက်မှ ကူမင်းရွှေချိုက်ကုမ္ပဏီတို့ အကြား ကုန်ပစ္စည်းခြင်းဖလှယ်သည့် စနစ်ဖြင့် ဆန်၊ဆန်ကွဲ၊ ပြောင်း၊သကြား စသည့် သီးနှံများ အရောင်းအ၀ယ် ပြုလုပ်ရန် နားလည်မှုစာချွန်လွှာ MoU တစ်ခုနှင့် ဆန်တန်ချိန် တစ်သောင်းခန့်ကို ရှမ်းမြောက်ပိုင်း အများပိုင် ကုမ္ပဏီနှင့် ရွှေချိုက်ကုမ္ပဏီတို့  အရောင်းအဝယ် စာချုပ်တစ်ခု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply