ဒေါက်တာအေးမောင် ကို စစ်တွေထောင်သို့ပို့ဆောင်

0
113

ရန်ကုန် ဇန်နဝါရီ ၁၈ ၊ ၂၀၁၈

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေ မှုနှင့် မတရားအသင်းအက်ဥပဒေပုဒ်မ များဖြင့်ဖမ်းဆီးခြင်းခံရသော အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စစ်တွေအမှတ် (၁) ရဲစခန်းမှ စစ်တွေထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တွေအမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားစဉ် ရဲစခန်းရှေ့သို့ ပြည်သူများဝိုင်းလာသောကြောင့် စစ်တွေထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်အအမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောသည်။

“ အခုတော့ စစ်တွေထောင်ကို ပို့လိုက်ပြီ။ ထောင်ရှေ့မှာတော့ လူတချို့ဝိုင်းနေတာတော့ရှိတယ်။” ဟု ပဥမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင် ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌခွင့်ပြုချက်ဖြင့် ၄င်း၏နေအိမ်တွင် ယနေ့နေ့လည် တစ်နာရီခန့်က ဖမ်းဆီးခဲ့ပြီး နေ့လည်နှစ်နာရီခန့်တွင် စစ်တွေအမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားရာမှ လူများအုံလာသဖြင့် စစ်တွေထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

ရသေ့တောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်သည့် ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃)နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များနှင့်ပတ်သက်ပြီး အထက်ပါအမှုများဖြင့် အမှုဖွင့်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply