တရုတ်​မယားအဖြစ်​ ၈ နှစ်​ကြာ ​ရောင်းစားခံရသူ အမျိုးသမီးက လူကုန်ကူးသူမျာအားအမှုဖွင့်

0
76

ဇွန်​ ၉
နိုင်လင်းဦး

တရုတ်​မယားအဖြစ်​ ရှစ်နှစ်ကြာ ရောင်းစားခံခဲ့ရသည့် အမျိုးသမီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆိုပါအမျိုးသမီးဖြစ်စဉ်သည် လူကုန်ကူးမှုမြောက်သည့်အတွက် လူကုန်​ကူးသူများကို အမှုဖွင့်​ထား​ကြောင်း လူကုန်​ကူးမှု တားဆီး​ရေးရဲတပ်​ဖွဲ့ (မန္တလေး) က သိရသည်​။

မဟာ​အောင်​​မြေမြို့နယ်​ မဟာမြိုင်​ (၂) ရပ်​ကွက်​အတွင်းမှ အသက်​ ၂၈ နှစ်​အရွယ်​ အမျိုးသမီးတစ်​ဦး ရှစ်​နှစ်​​ကြာလူကုန်​ကူးခံရပြီး ​နေအိမ်​သို့ပြန်​လည်​​ရောက်​ရှိလာ​ကြောင်း အဆိုပါ အမျိုးသမီး၏ မိဘများက သက်ဆိုင်ရာ ရဲတပ်​ဖွဲ့ထံသို့ အ​ကြောင်းကြားလာခဲ့သည်​။

တစ်​ရပ်​ကွက်​တည်း​နေထိုင်​သည့်​ ဦးတင်​ထက်​ပိုင်​နှင့်​ ဦး​ငွေရတို့က အမျိုးသမီးအား တရုတ်​ပြည်​သို့သွား​ရောက်​အလုပ်​လုပ်​ကိုင်​ပါက ​ဝင်​​ငွေ​ကောင်း​ကောင်းရမည်​ဖြစ်ပြီး အခမဲ့ပို့​ဆောင်​​ပေးမည်​ဖြစ်​​ကြောင်း စည်းရုံး​ပြောဆိုခဲ့သည် ။ ထို့နောက် အမျိုးသမီး သည် မိဘများမသိ​အောင်​ တရုတ်နိုင်ငံသို့ လိုက်​ပါသွားခဲ့ခြင်းဖြစ်​​ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်​ ။

အမျိုးသမီးအား မူဆယ်​မြို့မှ တရုတ်​နိုင်​ငံ ဂျယ်ခေါင်​မြို့သို့ တရားမဝင်​ ဝင်​​ရောက်​ကာ တရုတ်​အမျိုးသမီးတစ်​ဦးထံ ​ရောင်းစားခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်​ဆင့်​ ယင်းတရုတ်အမျိုးသမီးက ဟဲနန်းပြည်​နယ်​၊ ကျိုးဟန်​​သေမြို့အတွင်းမှ ​ကျေးရွာတစ်​ခုတွင်​​နေထိုင်​သူ တရုတ်အမျိုးသား ယွမ်​​ရှောက်​ချီ​ ထံ ထပ်​ဆင့်ရောင်းစားခံခဲ့ကြောင်း သိရသည်​။

အဆိုပါ တရုတ်အမျိုးသားနှင့်​ ရှစ်​နှစ်​ကြာနေထိုင်​ခဲ့ပြီး သမီး (၃) ဦး​မွေး​ပေးခဲ့ရကာ ဆက်​လက်​​နေထိုင်​​နေစဉ်​ ၂၀၁၉ ခုနှစ် ​ဖေ​ဖော်​ဝါရီလ က တရုတ်​ရဲများက စစ်​​ဆေးရာမှ အမျိုးသမီးမှာ ဖမ်းဆီးခံရသည် ။ ထို့နောက် (၄၅) ရက်​ ချုပ်​​နှောင်​ခံခဲ့ရပြီး​ မြန်​မာနိုင်​ငံသို့ တရားဝင်​ ပြန်​လည်​ရောက်ရှိလာခြင်းဖြစ်သည် ​။

ယင်းဖြစ်စဉ်တွင် အမျိုးသမီးအား တရုတ်နိုင်ငံသို့ လူကုန်​ကူးခဲ့သူ ဦးတင်​ထက်​ပိုင်​နှင့်​ ဦး​ငွေရ​တို့ အား လူကုန်​ကူးမှု တားဆီးကာကွယ်​​ရေး ဥပ​ဒေဖြင့်​ အမှုဖွင့်​ထားပြီး ဖမ်းဆီးနိုင်​​ရေး စုံစမ်းလျှက်​ရှိ​ကြောင်း မန္တလေးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူး ရုံး က သိရသည်​။

Leave a Reply