အကျဉ်းထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့မှုအား အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပေးရန် ရှင်းလင်း

0
79

ဇွန် ၈
နိုင်လင်းဦး

မန္တလေးအိုးဘိုအကျဉ်းအထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အမှုမှန်ကို ဖော်ထုတ်အရေးယူပေးရန် ဇွန်လ ၈ ရက်နေ့က မိသားစုဝင်များနှင့် နိုင်ငံရေးအင်အားစုများက သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့သည် ။

သေဆုံးသူ၏ မျက်နှာတွင် အရည်ပြားပွန်းပဲ့ဒဏ်ရာများ၊ နောက်ကျောတွင် တွေ့ရသည့်ဒဏ်ရာများနှင့် နားအနောက်ပိုင်းတွေင် တွေ့ရသည့် ဒဏ်ရာများကြောင့် မိသားစုဝင်များနှင့် နိုင်ငံရေးအင်အားစုများက နှိတ်ဆက် အသတ်ခံရခြင်းဖြစ်သည်ဟု မှတ်ချက်ပြုပြောကြားကြသည် ။

“ကျွန်တော်တို့ဆီအရင်ဆုံး အကြောင်းကြားတာက ရိုးရိုးသေမှုသေခင်းပုံစံမျိုးပြောတယ် ။ ဒါပေမယ့် ဒဏ်ရာတွေကရှိနေတယ် ။ ဒါက ရဲတပ်ဖွဲ့ကလုပ်တာလား အကျဉ်းထောင်က လုပ်တာလားဆိုတာကို အစိုးရအနေနဲ့ စုံစမ်းဖော်ထုတ်ပေးစေချင်တယ် ။´´ ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသန်းထိုက် က ပြောသည် ။

ထို့အပြင် ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံအား ဖျက်သိမ်းပေးရေး ၊ တရားစွဲဆို ဖမ်းဆီးခံထားရသည့် ဒေသခံများ အမြန် ပြန်လွှတ်ပေးရေး တို့ကိုလည်း တောင်းဆိုခဲ့သည် ။ထိုသို့ အမှုမှန်ကို ဖော်ထုတ်အရေးယူပေးရန်အတွက် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ စာတင်သွားမည်ဖြစ်ကြာင်း သိရသည် ။

“အရက်ကြောင် ကြောင်လို့သေတယ်ဆိုရင် ဒီလိုသွေးထွက်သံယိုဖြစ်တာ မရှိဖူးပါဘူး။ ဒါသာမန်ရိုးကျမဟုတ်ဘူးဆိုတာ ဦးဇင်းတို့က ပြောချင်တာပါ။ ဒါကို လူသေမှု လူသတ်မှု ညည်းစဲမှုလို့ ပြောချင်ပါတယ် ။´´ ဟု သေဆုံးသူ၏ အကိုဖြစ်သူ ဆရာတော် ဦးဝိမလ က ပြောသည် ။

သေဆုံးသူ ထွန်းမြင့်ဝင်း (ခ) ကိုထွန်း (၃၈) နှစ်သည် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန် က သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရင်ခွဲရုံ မှ ရွာသို့ ပြန်လည်သယ်ယူလာကာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် သင်္ဂြိုလ်ခဲ့သည် ။

အဆိုပါ နာရေးသို့ ရွှေဝါရောင် ဆရာတော်များ ၊ တောင်သူလယ်သမားအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဗကသ ကျောင်းသားများ လာရောက်ပို့ဆောင်ပေးခဲ့ကြသည် ။

အောင်သပြေကျေးရွာတွင်ဖြစ်ပွားသည့် ရဲတပ်ဖွဲ့ နှင့် ဒေသခံတို့၏ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း အား ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်သည် ။

သေဆုံးသူ၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိခဲ့ရသော်လည်း အရက်ကြောင်၍ အကျဉ်းထောင်ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင် က ထုတ်ပြန်ထားသည် ။

Leave a Reply