ခိုက်ရန်ဖြစ်ပွားခဲ့သူ ဆေးရုံတွင် သေဆုံးသည့်အတွက် လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်

0
158

ဇွန် ၁၀

နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ဂျိုင့်ကြီးကျေးရွာတွင်ဖြစ်ပွားသည့် ခိုက်ရန်ဖြစ်ပွားမှုတွင် ဒဏ်ရာရသည့်အတွက် ဆေးရုံတက်ခဲ့ရသူမှာ သေဆုံးသွားသောကြောင့် လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့က ဇော်ရှိန်း (၂၄) နှစ် သည် ကျော်စန်းဝင်း (၃၉) နှစ် ၊ အေကြီး (ခ) ကျော်ဇင်ထွန်း (၁၈) နှစ် တို့နှင့် စကားများရန်ဖြစ်ခဲ့ပြီး ကျော်စန်းဝင်း နှင့် အေကြီး (ခ) ကျော်ဇင်ထွန်း တို့က ခေါင်းကိုတူနဲ့ထုခြင်း၊ လည်ပင်းညှစ်ခြင်းများပြုလုပ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။

“သေဆုံးတဲ့သူနဲ့ ရန်ဖြစ်တဲ့ ကျော်စန်းဝင်း နဲ့ ကျော်ဇင်ထွန်းတို့က သားအဖတော်တယ် ။ သားဖနှစ်ယောက်က လုပ်တာပေါ့။ သူတို့ကို ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ် ။´´ ဟု ပုသိမ်ကြီးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ထိုသို့ပြုလုပ်သည့်အတွက် ဇော်ရှိန်း တွင် ဦးခေါင်း နောက့်စေ့ ဖုဝင် ဒဏ်ရာ၊ လည်ပင်းညိုမဲဒဏ်ရာများရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၄ ရက်နေ့က ကျော်စန်းဝင်း နှင့် အေကြီး (ခ) ကျော်ဇင်ထွန်း တို့ကို ပုသိမ်ကြီးမြို့မရဲစခန်းတွင် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ထားခဲ့သည် ။

ထို့နောက် ဆေးရုံတက်နေရသည့် ဇော်ရှိန်းမှာ ရရှိလာသည့် ဒဏ်ရာများဖြင့် ဇွန်လ ၉ ရက်နေ့ က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ သေဆုံးခဲ့သည့်အတွက် ကျော်စန်းဝင်း နှင့် အေကြီး (ခ) ကျော်ဇင်ထွန်း တို့ကို လူသတ်မှုပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သိရသည်။

Leave a Reply