အလှမွေး ငါး လက်လီလက်ကားဈေး ပါရမီ ဂုံးတံတား အောက်တွင် ဖွင့်လှစ်မည်

0
187

ဇွန် ၁၃
ဝေဝေဖြိုး

အလှမွေးငါး လက်လီလက်ကားဈေးတစ်ခုကို ပါရမီ ဂုံးတံတားအောက်တွင် ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင် များအသင်းမှသိရသည်။

အလှမွေးငါးဈေးကို ယခုလ ၁၄ ရက်မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး
တန်ဖိုးမြင့် ၊ တန်ဖိုးနည်း အလှမွေး ငါးအမျိုးအစား စုံလင်စွာ ရောင်းချသွားမည်ဖြစ်သည်။

“အသင်းသူအသင်းသားတွေ ညှိနှိုင်းပြီး အဆင်ပြေတာနဲ့ ဒီတစ်ပတ်သောကြာနေ့ကစပြီး အလှမွေးငါးသောကြာ ဈေးကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒီအတိုင်းဈေးတန်းတစ်ခုအနေနဲ့ ထားမှာ မဟုတ်ပါဘူး။ဒါကို ဖွံ့ဖြိုးလာအောင် ဘယ်လိုမျိုး တည်ဆောက်မလဲဆိုတာ အရှိန်အဟုတ်မြင့်အောင် ဆက်လက်ကြိုးစားသွားမှာပါ”ဟု အဆိုပါအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝေလတ်ကပြောသည်။

မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင်များ အသင်းအနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှမွေးငါး လက်လီလက်ကားဈေးကို ဖွင့်လှစ် ရောင်းချပေး လျက်ရှိပြီး ရေရှည်ရောင်းချနိုင်ရန်အတွက် နေရာလိုအပ်ချက် ရှိနေသည်ဟုဆိုသည်။

“ထူးကုမ္ပဏီကနေ တိရစ္ဆာန်ဥယျာဉ်ထဲမှာ တနင်္ဂနွေဈေးဆိုပြီး ဖွင့်လှစ်ခွင့်ပေးထားတယ်။ ဒါကလဲ ခဏတဖြုတ် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ သဘောပဲရှိတာ။ အဓိကလိုချင်တာက အမြဲတမ်း အတည်တကျ တရားဝင် နေရာလေးတစ်ခုလိုချင်တာ။ ကိုယ့်အတွက်မဟုတ်ဘဲ အလှမွေးငါး ဝါသနာရှင်တွေရော စီးပွားဖြစ်လုပ်ကိုင်နေသူတွေအတွက်ရော နိုင်ငံတကာလိုမျိုး အလှမွေးငါးဈေးကွက်တစ်ခု ပေါ်ပေါက်လာစေချင်တာပါ။”ဟု ၎င်းကပြောသည်။

အဆိုပါအသင်းအနေဖြင့် ယခင်ရေချိုငါးဥယျာဉ် ပတ်လမ်းတွင် ဈေးတည်ဆောက်ကာ အလှမွေးငါးများကို ရောင်းချပေးရာမှ ပုဂ္ဂလိကသို့ အဆင့်မြှင့်တင်ရန် ပေးလိုက်ခြင်းကြောင့် ယင်းနေရာမှ ဖယ်ရှားပေးခဲ့ရကြောင်းသိရသည်။

ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနသည် ကန်တော်ကြီး ရေချိုငါးဥယျာဉ်တွင် နေရာပေးနိုင်ရန်အတွက်
အလှမွေးငါးလုပ်ငန်းရှင်များကို နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်အဖြစ် အဆင့်မြှင့်တင်လျက်ရှိသော The Myanmar Aquarium Company Limited (MACL) နှင့် ညှိနှိုင်းပေးထားကြောင်းသိရသည်။

Leave a Reply