ဘုရင့်နောင်ကုန်စည်ဒိုင်ဝန်းအတွင်း ကားကြပ်တည်းမှု ကြုံတွေ့နေရသောကြောင့် ကားရပ်နားကွင်း စီစဉ်ပေးရန် တောင်းဆို

0
172

ဇွန် ၁၄
ဝေဝေဖြိုး

ဘုရင့်နောင် ကုန်စည်ဒိုင်ဝန်းအတွင်း တစ်ရက်လျှင် ကုန်ကားအစီးရေ ၁၅၀၀ ၀န်းကျင်ခန့် ၀င်ရောက်နေခြင်းကြောင့် ကားကြပ်တည်းမှု ကြုံတွေ့နေရသဖြင့် ကားရပ်နားကွင်း စီစဉ်ပေးရန် တောင်းဆိုထားကြောင်း ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောသည်။

“ကုန်ကားအ၀င် အရမ်းများတယ်။ တစ်ရက်ကို ၁၅၀၀ လောက် ဖြစ်နေတော့ ၄ ရက်ဆက်တိုက် ကြပ်သွားတယ်။ ဒါနဲ့ ပတ်သက်ပြီး ကားကွင်းစီစဉ်ပေးဖို့ တောင်းထားတယ်။ တောင်းထားတဲ့အပေါ်မှာ ၀န်ကြီးချုပ် အနေနဲ့ ကားကွင်းကြည့်နေတယ်။ ကျွန်တော်တို့ကလည်း နေရာ ရှာပြီးတော့ ဘယ်လိုကားရပ်ရမလဲဆိုတာ ၀ိုင်းပြီးတော့ လုပ်နေတယ်။”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကားကြပ်တည်းမှုကြောင့် ရွှေသံလွင်ဝန်း အနောက်ဘက်ရှိ ၆ ဧက အကျယ်ရှိသော ပုဂ္ဂလိကပိုင် မြေနေရာပေါ်တွင် ယာယီကားရပ်နားကွင်း ဖော်ဆောင်ကာ ဖြေရှင်းဆောင်ရွက်နေရ သည်ဟုဆို သည်။

ရွှေသံလွင် ကားရပ်နားကွင်းတွင် ကုန်တင်ကား အစီးရေ ၁၅၀ မှ ၂၀၀ ကြား ရပ်နားနိုင်မည်ဖြစ်သော်လည်း ရေရှည်တွင် ကားကွင်းမရှိပါက ကုန်စည်စီးဆင်းမှု နှောင့်နှေး ကြန့်ကြာနိုင်ခြင်းကြောင့် အစိုးရသို့ တင်ပြထားခဲ့သည်မှာ အစိုးရ နှစ်ဆက်တိုင် ကြာမြင့်နေပြီ ဟုဆိုသည်။

အဆိုပါ ယာယီကားရပ်နားကွင်းတွင် အစီးရေ ၅၀၀ ခန့် ရပ်နားနိုင်ကာ ကျန်ကားများမှာ ပွဲရုံဝန်းအတွင်းရှိ လမ်းမများပေါ်တွင် အဆင်ပြေသလို ရပ်နားနေရကြောင်း သိရသည်။

“ဒါကလည်း ရေတိုပါ။ ရေရှည်အနေနဲ့တော့ ကားကွင်းမရလို့ကို အဆင်မပြေဘူး။ အစီး ၈၀၀ လောက်က လမ်းတွေပေါ်မှာ ဖြစ်နေဦးမှာ။ ကျန်တဲ့မြို့ အသေးလေးတွေတောင် ကားကွင်းကို အပြင်ဘက် ထုတ်လိုက်ပြီ။ ကျွန်တော်တို့ ရန်ကုန်ပဲ ကျန်တော့တယ်။ အစိုးရကို ကားကွင်းနေရာ တောင်းထားတာ ၆ နှစ်၊ ၇ နှစ်လောက် ရှိပြီ။ ဒါပေမယ့် မြေနေရာ အဆင်မပြေ သေးဘူးလို့ ပြောတယ်”ဟု ဦးခင်ဟန်က ပြောသည်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဝန်းအတွင်း၌ ကုန်ခြောက်ပွဲရုံပေါင်း ၅၀၀ ၀န်းကျင်၊ ဆန်ပွဲရုံ ၂၀၀၊ ရေထွက်ပစ္စည်းပွဲရုံ ၁၅၀ ၀န်းကျင်၊ ကားဂိတ်ပေါင်း ၄၀၀ ၀န်းကျင်၊ ဘဏ်ပေါင်း ၂၄ ဘဏ် ရှိပြီး ပဲအမျိုးမျိုးနှင့် ဆန် ပြည်ပတင်ပို့မှု သုံးပုံနှစ်ပုံမှာ ယင်း ကုန်စည်ဒိုင် ၀န်းအတွင်းမှ သွားရောက်ခြင်း ဖြစ်သောကြောင့် အရောင်းအ၀ယ် ကြီးမားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဝန်းကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော်ဖြင့် အဓိက လမ်းမကြီး ၃ လမ်းကို ပြင်ဆင်ခဲ့ကာ လာမည့် ၂၀၂၀ ခုနှစ်တွင် ကြားလမ်းများကို ဆက်လက် အဆင့်မြှင့်တင်နိုင်ရေး ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply