ရဲအရာရှိ (၃) ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

0
21

ဇွန် – ၁၄

နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မှ ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့) နှင့် ဒုတိယရဲအုပ် ထွန်းထွန်းလင်း တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

ချမ်းမြသာစည်မြို့နယ်ရှိ ဂိမ်းဆိုင်တွင် ဖမ်းဆီးခံခဲ့ရပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားသောအမှု၌ ပါဝင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရခြင်း၊ အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ကာ ပိုက်ဆံတောင်းခံခဲ့သည့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များ အား စိစစ်အရေးယူပေးပါရန် နစ်နာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည် ။

တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးရာ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ဖခင်ထံမှ ငွေကျပ်(၂)သိန်းကို လည်းကောင်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ၏ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ်(၂)သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန် အတွက် ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ ဖခင်ထံမှ တရားခံအား ညှဉ်းပန်းနှိပ်စက်မှု မပြုရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် ၁၅၀၀၀ဝိ/- နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ် ၂၅၀၀၀ဝိ/- တို့ကိုလည်းကောင်း လက်ခံရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည် ။

ထို့အတွက်ကြောင့် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့သည်ဟုဆိုကာ ချမ်းအေးသာစံမြို့နယ် ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမတွင် အမှုဖွင့်ထားကြောင်း သိရသည် ။

ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး) နှင့် ဒုတိယရဲအုပ် ထွန်းထွန်းလင်း တို့မှာ ဖမ်းဆီးရမိထားပြီး ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့) မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည် ။

Leave a Reply